စစ်ကိုင်း၊ ဇူလိုင် ၅၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ အင်းတော်၊ ထီးချိုင့်မြို့နယ်တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ပြီး ပြန်လာတဲ့ Ar Lar Wa Ka LPDF နဲ့ Fighter One တပ်ဖွဲ့ဝင်တွေကို ပြည်သူတွေက သပြေပန်းနဲ့ကြိုဆိုပြီး ကျပ် ၁ သိန်းစီ ထောက်ပံ့ပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင်အခြေစိုက် Ar Lar Wa Ka LPDF တာဝန်ခံဆီက သိရပါတယ်။


ယမန်နှစ် ၂၀၂၄ နိုဝင်ဘာလကနေ ဇွန်လအထိ အထက်ပါဒေသတိုက်ပွဲမှာ ၈ လကြာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ပြီး ဇူလိုင် ၂ ရက်မှာ ပြန်ရောက်လာတဲ့ Ar Lar Wa Ka LPDF နဲ့ Fighter One တပ်ဖွဲ့ဝင် ၁၁ ဦး အတွက် ကြိုဆိုခဲ့ကြတာလို့ ဆိုပါတယ်။


“ ကျနော်တို့အဖွဲ့ သီးသန့်သွားတာမဟုတ်ဖူး၊ အဖွဲ့ပေါင်းများစွာနဲ့သွားတာ။ ကျနော်တို့က ၂ ဖွဲ့ပေါင်း ၁၁ ဦးပါ။ ကျနော်တို့အဖွဲ့အနေနဲ့ ၃ ဦးဗျ၊ ၃ ဦးစလုံးပြန်လာနိုင်ခဲ့တယ်” Ar Lar Wa Ka LPDF တာဝန်ခံက ပြောပါတယ်။


တိုက်ပွဲတွေအတွင်း Fighter One က တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး၊ ၁ ဦး (ပြင်းထန်) ဒဏ်ရာရခဲ့ကာ Ar Lar Wa Ka LPDF ကလည်း တပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာ (ပြင်းထန်) ရရှိခဲ့တယ်လို့ သိရပါတယ်။


“ ရဲဘော်တွေကတော့ ယင်းမာပင်ခရိုင်က ဗိုလ်သံမဏိလက်အောက်ကနေမှ သွားကြတာပါ။ ပြန်လာတဲ့အခါမှာ ပြည်သူလူထုကကြိုဆိုကြတယ်၊ ကြိုဆိုတဲ့ပြည်သူလူထုကို တော်လှန်ရေးရဲ့အရွေ့ဘယ်လောက် ရောက်နေပြီဆိုတာတွေ ပြည်သူလူထု ခွန်အားဖြစ်စေမဲ့စကားတွေ တော်လှန်ရေးကိုဒီထက်မက ပါဝင်ဖို့ဆိုတာကိုလည်း ဟောပြောပွဲတွေလုပ်ဆောင်ခဲ့တယ်” လို့ သူက ဆက်ပြောပါတယ်။


စာတည်း – ဟိန်းစံ