myaelatt athan

Sharing Information to the Local

တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ကျည်နဲ့ပစ္စည်းတွေသိမ်းဆည်း

0 83
0 83

မကွေး၊ ဇူလိုင် ၄၊ ၂၀၂၅။

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးပြီး ကျည်နဲ့ ပစ္စည်းတချို့သိမ်းဆည်းခဲ့တယ်လို့ Chauk Revolution Army ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စလေမြို့အခြေစိုက် ခလရ ၄၁၆ ကနေ အင်အား ၈၀ ပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင် ၂ ရက်မနက် ၁၁ နာရီလောက်ကမှာ တောင်သာရွာအနီးမှာ တော်လှန်ရေးတပ်တွေကတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့ဘက်ကလည်း ၄၀ မမ၊ ၆၀ မမ၊ RPG တွေလည်းထုတယ်နောက်ဆုံးကျ သူတို့လေယာဉ် ပစ်ကူရောက်လာတယ်။ ကျနော်တို့တိုက်ပွဲနေရာတွေပဲ ပတ်ချသွားပြီးတော့ သူတို့စစ်ကြောင်း ပြန်ဆုတ်သွားတယ်”လို့ Chauk Revolution Army မှပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

တိုက်ပွဲဖြစ်ချိန်မှာ စစ်ကောင်စီဘက်က Y8 လေယာဥ်နဲ့ ဗုံးသီး ၁၅ လုံးခန့်ကြဲချခဲ့ပြီး စစ်ကြောင်း ဆုတ်ခွာသွားချိန် တိုက်ပွဲဖြစ်တဲ့နေရာအနီးမှာ ကျည်တွေနဲ့ပစ္စည်းတချို့သိမ်းဆည်းခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၃ လောင်းကိုလည်း မျက်မြင်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ခွာသွားတဲ့လမ်းတောက်လျှောက်ကို လိုက်ကြည့်သလောက်က ပစ္စည်းတွေလည်းတွေ့တယ်။ ပြီးတော့ အလောင်းတွေ့တယ်၊ ဒဏ်ရာရတဲ့အထဲမှာ အရာရှိတစ်ယောက်ပါတယ်။ သူ့ကိုကျတော့ ထမ်းစင်တွေဘာတွေလုပ်ပြီးခေါ်သွားတဲ့ပုံစံမျိုးတော့ရှိတယ်၊ သေဆုံးကတော့မျက်မြင်အတည်ပြုခဲ့နိုင်တာ၊ တချို့ကတော့တော်တော်ပုံပျက်နေတဲ့အလောင်းတွေရှိတယ်။” လို့ Chauk Revolution Army မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Chauk Revolution Army(CRA)၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးခရိုင် တပ်ရင်း(၁)၊ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံ မဟာမိတ်တပ်ပေါင်းစုတွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဇူလိုင် ၁ ရက်မှာ ချောက်မြို့နယ်အတွင်းကို စတင်ဝင်ရောက်လာခဲ့ပြီး ရွာငယ်ကန်၊ ပခန်းငယ်၊ မင်းကန်၊ ကြိတ်စု၊ ဆူးရစ်ကန်စတဲ့ ကျေးရွာများကိုစစ်ကြောင်းထိုးကာ ဒေသခံနေအိမ်တွေကပစ္စည်းတွေကိုလည်း ယူဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ယခင်ချောက်မြို့နယ်အတွင်းမှာ မိုင်းဆွဲတိုက်ခိုက်တာ၊ ပြောက်ကျားစစ်ဆင်ရေးတွေသာဖော်ဆောင်နိုင်ခဲ့ပြီး အခုလိုတိုက်ပွဲကြီးကြီးမားမားဖော်ဆောင်နိုင်တာက ဒီတခေါက်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

“အရင်တုန်းကကျနော်တို့ဘက်က အလွန်ဆုံးလုပ်နိုင်တာဆိုလို့မိုင်းဆွဲတာလောက်ပေါ့၊ ကျနော်တို့ကကျ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းကျတာကို စိုးမိုးနယ်မြေအားဖြင့်ကလည်း ဘာမှမရှိသေးဘူး တိုက်ပွဲကြီးကြီးကတော့ ခုမှဖြစ်တာ၊ တော်တော်လဲတိုက်ပွဲချိန်လဲကြာတယ်”လို့ Chauk Revolution Army မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ မကွေးနဲ့ မန္တလေးတိုင်းအတွင်းကမြို့နယ်တွေမှာလည်း ကာကွယ်ရေးတပ်ဖွဲ့ စိုးမိုးမှုအားနည်းတဲ့ အခြေအနေမျိုးရှိနေပြီး စစ်ကောင်စီတပ်ကမကြာခဏ စစ်ကြောင်းထိုးဝင်ရောက်လာတတ်တယ်လို့လည်း ဆိုပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။