ဒိန်းဂျား၊ အောင်စိုး
မြေလတ်အသံ၊ ဇူလိုင် ၃၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် နမခ နဲ့ မကွေးတိုင်း၊ BPI မြင်းမွေးမြူရေးတပ်တို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဇူလိုင် ၂ ရက်နဲ့ ၃ ရက်မှာ ဘက်ပြောင်းခိုလှုံလာကြတယ်လို့ သက်ဆိုင်ရာတော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
မုံရွာမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်-နမခ ကစစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး လက်နက်တွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ ဇူလိုင် ၃ ရက်ဒီနေ့မှာ မုံရွာမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဘက်ပြောင်းလာသူ ၄ ဦးမှာ အသက် ၃၀ ကျော်အရွယ်ရှိပြီး သူတို့ဟာ ၂၀၂၄ အတွင်း လူစားထိုး ပေါ်တာဆွဲခံရပြီးနောက်မှာ စစ်တပ်ထဲကိုရောက်ရှိခဲ့ကြတာလို့ ဆိုပါတယ်။


“သူတို့က ပစတွေဗျ။ ပေါ်တာအစားထိုး ပါလာကြရတာ။ စစ်သက်ကတော့ တနှစ်မပြည့်သေးဘူးဗျ”လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးက ပြောပါတယ်။
အဆိုပါ ၄ ဦးအနက် ၁ ဦးမှာ သေနတ်ပါမလာပေမယ့် ကျန် ၃ ဦးမှာတော့ MA-3 ၂ လက်၊ MA-1 ၁ လက်၊ ကျည်ဘောက် ၈ ခု ပါရှိလာခဲ့တာကြောင့် ဆုချီးမြှင့်ပေးဖို့ပြင်ဆင်ထားတယ်လို့ သူက ဆိုပါတယ်။
လက်ရှိမှာ တော်လှန်ရေးမှာဝင်ပြီး ပြန်တိုက်ချင်တဲ့သူရှိသလို နေရပ်ကို ပြန်ချင်တဲ့သူလည်းရှိတာကြောင့် မြို့ နယ်ပကဖအနေနဲ့ ၎င်းတို့ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း အတတ်နိုင်ဆုံး လုပ်ဆောင်ပေးမှာဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။


ပြီးခဲ့တဲ့မေ ၂၇ ရက်ကလည်း နမခ က စစ်ကောင်စီတပ်သား ၂ ဦးဟာ MA-1သေနတ် ၂ လက် နဲ့အတူ CDM တွေကိုကူညီထောက်ပံ့ပေးနေ တဲ့ ဒို့အရေးချန်နယ်ဆီကို ဘက်ပြောင်းလာခဲ့သေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ BPI မြင်းမွေးမြူရေးတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ဇူလိုင် ၂ ရက်နေ့လယ် ၁ နာရီလောက်မှာ လက်နက်နဲ့အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့ ပခုက္ကူမြို့နယ် နယ်မြေ ၁ ပကဖ ဆီကသိရပါတယ်။
ဘက်ပြောင်းခိုလှုံလာသူဟာ အသက် ၂၉ နှစ်အရွယ် စစ်ကောင်စီတပ်သား မိုးစက်ဖြစ်ပြီး MA 1 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၁၃၅ တောင့်တို့နဲ့အတူလည်း ပါလာတာကြောင့် ဆုငွေ သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့နဲ့ ချိတ်ဆက်ပြီးမှ ဝင်လာတာ၊ ကျနော်တို့ကလည်း ကြိုပေးရတဲ့ အပိုင်းတော့ရှိတာပေါ့၊ ကျနော်တို့နယ်မြေထဲအထိတော့ သူဟာသူလာတာ၊ သူအလင်းဝင်ရတဲ့အကြောင်းကတော့ စစ်ကောင်စီတပ်ထဲမှာ မနေချင်တော့လို့ ပြောတယ်၊ တပ်ထဲမှာ အပြင်တွေလည်း မထွက်ရဘူးပြောတယ်၊ လွတ်လပ်မှုလည်းမရှိဘူးလို့ ပြောတယ်၊” လို့ ပခုက္ကူမြို့နယ် နယ်မြေ ၁ ပကဖ တာဝန်ခံက ပြောပါတယ်။
လက်ရှိမှာ တပ်ရင်းမှာထိန်းသိမ်းထားပြီး ဆက်လက်စုံစမ်းမှုတွေလုပ်နေတယ်လို့လည်း ဆိုပါတယ်။
“သူကတော့ လွတ်မြောက်နယ်မြေတနေရာမှာ သွားပြီးလုပ်ကိုင်စားသောက်မယ်တော့ ပြောတယ်၊ အခုလောလောဆယ်တော့ ကျနော်တို့ဆီမှာ ထိန်းသိမ်းထားတယ်”လို့ သူက ဆက်ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ အခုနှစ် ဇူလိုင် ၂ ရက်အထိ ပခုက္ကူမြို့နယ် နယ်မြေ ၁ ပကဖ ဆီကို ဘက်ပြောင်းခိုလှုံလာသူ ၃ ဦးရှိပြီး အောင်သာရွာက ပျူစောထီး ၁ ဦးနဲ့ BPI မြင်းမွေးမြူရေးတပ်ထဲက တပ်သား ၂ ဦးဖြစ်တယ်လို့ သိရပါတယ်။
စာတည်း – လင်း