ညောင်ဦး၊ ဇူလိုင် ၃၊ ၂၀၂၅။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာဒေသကာကွယ်ရေးအဖွဲ့ဝင် ၁၀ ဦးကျ ဆုံးပြီး ဒဏ်ရာရသူများတယ်လို့ တိုက်ပွဲမှာပါဝင်တဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
ဇူလိုင် ၂ ရက် ယမန်နေ့ မနက် ၁၀ နာရီခန့်မှာ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား တောင်တောရွာနဲ့ ဖလက်ကန်ကျေးရွာကြားမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက် အပြန်အလှန်ထိတွေ့တိုက်ပွဲ ၄ နာရီခန့်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
” တောင်တောရွာကထွက်လာတဲ့စစ်ကြောင်းနဲ့ဖြစ်တာ။ ရွာအထွက်လောက်မှာ။ ကျနော်တို့ဘက်က ကျွံသွားတာ။ တိုက်တာက ကျနော်တို့ဘက်က စတိုက်တာဘဲ။ သူတို့ဘက်က ဘန်ကာ ကောင်းသွားတာ “လို့ တိုက်ပွဲပါဝင်တဲ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။


တိုက်ပွဲအတွင်းမှာ ဒေသကာကွယ်ရေးအဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး ၅ ဦးထက်မနည်းဒဏ်ရာရထားကာ သေနတ် ၁၂ လက်နဲ့ ပစ္စည်းအချို့ ဆုံးရှုံးသွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းအချို့သာပြန်ရပြီး ပျောက်ဆုံးနေတာတွေလည်း ရှိနေသေးကာ ကျဆုံးတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကိုတော့ လတ်တလော မြေပြင်စစ်ရေးအခြေအနေတွေအရ ဖြေဆိုဖို့ငြင်းဆန်ထားပါတယ်။
စစ်ကောင်စီထောက်ခံရေးသားနေတဲ့တယ်လီဂရမ်တွေမှာလည်း ညောင်ဦးမြို့နယ်၊ ဖလန်ကန်ရွာ တိုက်ပွဲမှာ PDF ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိကြောင်း ဓာတ်ပုံတွေနဲ့ ဖော်ပြထားပြီး အဆိုပါဓာတ်ပုံတွေထဲက PDF တပ်ဖွဲ့ဝင်တွေဟာ ကျဆုံး PDF တွေမှန်ကန်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေက အတည်ပြုပါတယ်။


ဇူလိုင် ၃ ရက် ဒီကနေ့မနက်ပိုင်း နယ်မြေရှင်းလင်းစဥ်မှာ စစ်ကောင်စီတပ်သား ၂ ဦးကို အရှင်ဖမ်းမိထားကြောင်းသိရပြီး ယမန်နေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ ကျဆုံးတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေကိုယူဆောင်ပြီး ငါ့သရောက်ရဲစခန်းဘက်ကို ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲမှာ ပုဂံဘီလူး၊ ပုပ္ပါး PGF၊ ညောင်ဦးခရိုင်တပ်ရင်း ၅၊ မြင်းခြံခရိုင် တပ်ရင်း ၃ ၊ PLA၊ ဒေါင်းရင်သွေး၊ မိုးမခအဖွဲ့၊ ညောင်ဦးခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့တွေအပါအဝင် ပူးပေါင်းအဖွဲ့တွေ ဘက်က တိုက်ခိုက်ခဲ့ကြတာပါ။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင် ၁ ရက်က မောင်းဂွက်တောနဲ့ ရွာပုလဲကျေးရွာတွေကို မီးရှို့ခဲ့တာကြောင့် မောင်းဂွက်တောရွာက နေအိမ် ၃၀ ကျော်မီးလောင်ပျက်စီးပြီး ရွာပုလဲရွာအခြေအနေတွေကို မသိရသေးပါဘူး။


စစ်ကြောင်းထိုးတာနဲ့ တိုက်ပွဲတွေကြောင့် အိုရင်း၊ မောင်းဂွက်တော၊ တောပြား၊ တောင်တောရွာ၊ ချင်း ယားတောင်၊ တံတား၊ ကူတော၊ ဖလန်ကန်၊ ရွာပုလဲ၊ မြေနဲရွာအပါအဝင် ကျေးရွာ ၁၅ ရွာမှ ပြည်သူ တသောင်းခန့် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ