myaelatt athan

Sharing Information to the Local

ဗဟင်းရွာ ဗုံးကြဲခံရလို့ အမျိုးသား ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ

0 24
0 24

ကျော်ကြီး၊ ဟယ်သာ

မြိုင်၊ ဇူလိုင် ၃၊ ၂၀၂၅။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာဗုံးကြဲခံရတဲ့အတွက် အမျိုးသား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်အဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၂ ရက် ညနေ ၅ နာရီခန့်က မြိုင်မြို့နယ် အနောက်မြောက်ခြမ်းက ဗဟင်းကျေးရွာကို စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၁ စင်းပေါ်ကနေ ဗုံးကြဲချခဲ့တာလို့ဆိုပါတယ်။

“တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာက လေကြောင်းတိုက်ခိုက်မှု လုပ်သွားတာ။ နေရာမှာတင် ၁ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရတယ်။ တိုက်ပွဲမရှိဘဲ တမင်သက်သက်လာချသွားတဲ့သဘော။ ဗုံးထိတဲ့သူတွေကနေအိမ်ထဲမှာရှိနေချိန် ထိကြတာ”လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ခိုက်ချိန် ပေါင် ၃၀၀ လိုယူဆရတဲ့ဗုံးသီး ၂ လုံးနဲ့ တပြိုင်နက်ကြဲချခဲ့တာကြောင့် ဒေသခံတွေလည်း တိမ်းရှောင်ချိန်မရလိုက်ဘူးလို့ ဆိုပါတယ်။

“ဖိုက်တာက ရှောင်ချိန်မရဘူးနော်။ တန်းလာပြီးချသွားတာ။ ကျနော်တို့အပေါ်ဖြတ်ပြီး မကြာခင် ချသံကြားရတာပဲ။ အသံက သိပ်မကျယ်ဘူးဗျ။ ၃၀၀ ဖြစ်မယ်ထင်တယ်ဗုံးသီးက ၂ လုံးတွဲလို့ သိရတယ်ဗျ”လို့ အညာမြေအရပ်ဖက်အဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူက ပြောပါတယ်။

ဗုံးထိမှန်လို့ အသက် ၃၀ ကျော်အရွယ်အမျိုးသား ၁ ဦးနေရာမှာတင် ပွဲချင်းပြီးသေဆုံးကာ အသက် ၄၀ ကျော်အရွယ်အမျိုးသား ၂ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ပါတယ်။

ဒါ့အပြင် နေအိမ် ၄ လုံးလည်းပျက်စီးခဲ့ရပြီး အိမ်ခြေ ၂၅၀ ကျော် လူဦးရေ ၁၀၀၀ ကျော်ရှိတဲ့ ကျေးရွာက ဒေသခံထက်ဝက်နီးပါးက ကျေးရွာကနေ တိမ်းရှောင်သွားကြပြီလို့ ဆိုပါတယ်။

ဗဟင်းကျေးရွာဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက လေကြောင်းကနေ ဗုံးကြဲခံရတာ ၄ ကြိမ်ထက်မနည်းရှိနေပြီလို့လည်း သိရပါတယ်။

မေ ၂၀ ရက်ညနေပိုင်းကလည်း ဗဟင်းရွာရှိ ထမင်းဆိုင်ကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲခဲ့သေးရာ ဒေသကာကွယ်ရေးအဖွဲ့ဝင် ၄ ဦးအပါအဝင် စုစုပေါင်း ၆ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။