ပစ်ခတ်ဖို့သွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးလည်းဓါးထိုးခံရပြီးသေဆုံး
တောင်တွင်းကြီး၊ ဇူလိုင် ၂၊ ၂၀၂၅။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ အိုးပေါက်အုပ်စု၊ အိုးပေါက်ကျေးရွာက ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ် (တောင်တွင်းကြီး) တိုက်ခိုက်ရေးခေါင်းဆောင်ဆီက သိရပါတယ်။
ပစ်ခတ်ခံရသူဟာ အသက် ၆၀ နှစ်အရွယ် ဘိုကွီး(ခ)ခင်မောင်လတ်ဆိုသူဖြစ်ပြီး ဇွန် ၂၉ ရက် ည ၁၀ နာရီခွဲဝန်းကျင်က သူ့နေအိမ်မှာပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“သူ့ရဲ့ ဦးခေါင်းကို ၂ ချက်ပစ်ခဲ့တယ်၊ ဝမ်းဗိုက်ကို ၃ ချက်ပစ်ခဲ့တယ်၊ သူကထွက်ပြေးမယ်လုပ်တဲ့အချိန် ကျနော်တို့ ပစ်ခတ်ရှင်းလင်းတာ၊” လို့ ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ် တိုက်ခိုက်ရေး ခေါင်းဆောင်က ပြောပါတယ်။
ဦးခင်မောင်လတ်ဟာ စစ်မှုထမ်းကြေးကောက်တာ၊ ပဲခူးရိုးမက ဆင်းလာတဲ့သစ်လှည်း၊ ဝါးလှည်းတွေကို ဆက်ကြေးကောက်တာ၊ ဖမ်းဆီးရိုက်နှက်တာတွေလုပ်နေသူဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
“တောင်တွင်းကြီး-ဆတ်သွား နေပြည်တော်လမ်းဘေး အိုးပေါက်ကျေးရွာမှာနေပြီးတော့ ပဲခူးရိုးမက ဆင်းလာတဲ့ သစ်လှည်း၊ ဝါးလှည်းတွေကို သူက ဂိတ်ဖွင့်ဖမ်းဆီးပြီး ဆက်ကြေးကောက်တယ်၊ ဖမ်းဆီး ရိုက်နှက်တယ်၊ နှိပ်စက်တယ်၊ သူ့ကျေးရွာမှာလည်း ပျူစောထီးဖွဲ့နိုင်ဖို့ ပျူစောထီးသင်တန်းတွေပေးဖို့ ဖိအားပေးတာတွေလုပ်တယ်”လို့ အထက်ပါတိုက်ခိုက်ရေးခေါင်းဆောင်က ဆက်ပြောပါတယ်။
ဘိုကွီး(ခ)ခင်မောင်လတ်ရဲ့အလောင်းကို နေအိမ်ရှေ့မှာထားခဲ့တာကြောင့် ဇွန် ၃၀ ရက်မှာ ဆိုင်ကယ် ၈ စီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာကြည့်ပြီး ဇူလိုင် ၂ ရက်ဒီကနေ့မှာတော့ အလောင်းကို အိုးပေါက်ရွာမှာ သင်္ဂြိုဟ်တယ်လို့သိရကြောင်း တိုက်ခိုက်ရေးခေါင်းဆောင်ကပြောပါတယ်။
ဇွန် ၂၉ ရက်မှာပဲ ဦးခင်မောင်လတ်ကို ပစ်ခတ်ဖို့ဝင်သွားတဲ့ အသက် ၂၆ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးလည်း နေအိမ်ထဲကိုဝင်ချိန်နော က်ထပ် ပျူစောထီးဝပ်ဖွဲ့ဝင် ၁ ဦးက ဓါးနဲ့ထိုးခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“သူ့နေအိမ်ထဲကို ကျနော့်ရဲဘော်တဦးကဝင်သွားတဲ့အချိန်မှာ ပျူစောထီးအဖွဲ့ဝင်တဦးက အိမ်ထဲမှာ ပုန်းပြီးအလစ်အငိုက် ဓါးနဲ့ထိုးပြီးထွက်ပြေးသွားတယ်၊ ကျနော်တို့ ရဲဘော်တဦးတော့ ကျဆုံးသွားတယ်”လို့ သူက ဆက်ပြောပါတယ်။
သေဆုံးသွားတဲ့တပ်ဖွဲ့ဝင်ရဲ့အလောင်းကိုပြန်သယ်ပြီး ဇွန် ၃၀ ရက် ညနေ ၃ နာရီလောက်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ် တိုက်ခိုက်ရေး ခေါင်းဆောင်က ပြောပါတယ်။
ဒီပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ် ပုဏ္ဏဝတီ (တောင်တွင်းကြီး)၊ သရက်ခရိုင် အမှတ် ၅ တပ်ရင်း (ဆင်ပေါင်ဝဲမြို့နယ်)နဲ့ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ကလည်း မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဓနုံးမြှောင်ဂိတ်မှ ဗိုလ်ကြီးဖြိုးမောင် ဦးဆောင်ပြီး ဝါးစေ့မြှောင်ဂိတ်က ကားနဲ့တက်လာတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ် ပုဏ္ဏဝတီ (တောင်တွင်းကြီး) အဖွဲ့က ဝါးစေ့မြှောင်ဂိတ်အနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၈ ဦးသေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း