myaelatt athan

Sharing Information to the Local

စစ်ကောင်စီသင်္ဘောတွေ ချင်းတွင်းမြစ်ထဲဖြတ်သန်းချိန် မြစ်ဘေးရွာတွေကို စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ ၄ ဦးသေဆုံး

0 5
0 5

မြေလတ်အသံ၊ ဇွန် ၂၉၊ ၂၀၂၅ ။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံအရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။

ဇွန် ၂၈ ရက် ယမန်နေ့မနက် ၉ နာရီဝန်းကျင်မှာ ချင်းတွင်းမြစ်နံဘေးက သရက်ကိုင်း၊ အောင်ချမ်းသာ၊ နှောကူးကျေးရွာတွေကို စက်တပ်လေထီး(ပါရာမိုတာ)၂ စီးနဲ့ ဗုံး ၅ လုံးထက်မနည်း ကြဲချခဲ့တာဖြစ်ပြီး ကျေးရွာနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“ သိလို့ဆိုပြီး မြစ်ကမ်းနားကရွာတွေကို လူသားစာနာတာဝန်ခံက သက်ကြီးရွယ်အိုတွေနဲ့ကလေးတွေ ရှောင်ကြဖို့ ရမ်းသမ်းပစ်ခတ်ရင်ထိခိုက်မှာစိုးလို့ လုံလုံခြုံခြုံနေကြဖို့ လိုက်လံအော်ပြီးတော့ ကားနဲ့ကယ်ထုတ်တာ တချို့က လိုက်မလာကြတာပေါ့။” လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဗုံးကျရောက်ပေါက်ကွဲတာကြောင့် သရက်ကိုင်းကျေးရွာနေ အသက် ၆၀ နှစ်ခန့်အမျိုးသား ၂ ဦးနဲ့ အသက် ၂၀ နှစ်ခန့်အမျိုးသား ၁ ဦး နေအိမ်မှာ သေဆုံးခဲ့ပြီး နောက်ထပ် အသက် ၆၀ ဝန်းကျင်ရှိအမျိုးသား ၁ ဦးမှာ ဒဏ်ရာပြင်းထန်လို့ ဆေးရုံပို့ဆောင်ကုသစဉ် ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ ၄ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစက်တပ်လေထီးတွေ တိုက်ခိုက်ချိန်ဟာ ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီသင်္ဘော ၁၄ စီး ဖြတ်သန်းမောင်းနှင်နေချိန်ဖြစ်ပြီး ၎င်းသင်္ဘောတွေတိုက်ခိုက်ခံရမှာကြောင့် မြစ်နံဘေးကျေးရွာတွေကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ အထက်ပါပအဖအဖွဲ့ဝင်က သုံးသပ်ပြောပါတယ်။

“ဧရာဝတီကနေဆန်လာတဲ့ စစ်သင်္ဘောတွေက မနေ့(ဇွန် ၂၇)ညတုန်းက ဆင်ဖြူရှင်တံတားနားလေးမှာ အိပ်တာ။ မနက်ကျ ချင်းတွင်းမြစ်တိုင်း အထက်ကိုဆန်လာတာပေါ့၊ ဆန်လာတဲ့အချိန်ကို စစ်သင်္ဘော ၃ စီးနဲ့ ဖလပ် ၁၁ စီး အားလုံးပေါင်း ၁၄ စီး ဆန်လာတာ။ မုံရွာကနေ ၄ စီးနဲ့လည်း လာကြိုတယ်။ အဲ့အချိန်ကို ပါရာမော်တာ ၂ စီးကနေပြီးတော့ ရွာ ၃ ရွာပေါ်မှာ လေကြောင်းတိုက်ခိုက်မှုလုပ်သွားတာ” လို့ ၎င်းက ဆက်ပြောပါတယ်။

စစ်ကောင်စီသင်္ဘောတွေ ဆန်တက်လာတာကြောင့် မြို့နယ်အုပ်ချုပ်ရေးနဲ့လူသားစာနာအဖွဲ့မှ မြစ်ကမ်းတလျောက်ကျေးရွာတွေကို ယမန်နေ့မနက်အစောပိုင်းမှာ သတိပေးခေါ်ဆောင်တာမျိုးတွေလုပ်ဆောင်ခဲ့ပေမယ့် ကျေးရွာတွေအတွင်းကျန်နေသူတွေ သေဆုံးမှုရှိခဲ့တာဖြစ်ကာ သေဆုံးသူတွေရဲ့နာရေးကိစ္စအတွက် ၅ သိန်းကျပ် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။