အသက်မပြည့်‌သေးဘဲ PDF ထဲ ဝင်လာသူ ၆ ဦးကို မိဘတွေထံ ပြန်လည် အပ်နှံ

0 1
0 1

မြေလတ်အသံ၊ ဇွန် ၂၈၊ ၂၀၂၅။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ဆီကို ဝင်ရောက်လာတဲ့ အသက် ၁၈ နှစ်မပြည့်သေးသူ ယောကျာ်းလေး ၆ ဦးကို မိဘတွေထံ ပြန်လည်အပ်နှံခဲ့တယ်လို့ မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါ တယ်။

ပခုက္ကူခရိုင်က တော်လှန်ရေးအဖွဲ့တစ်ခုထံကို ဝင်ရောက်လာခဲ့သူယောကျာ်းလေး အသက် ၁၅ နှစ်အရွယ် ၂ ဦး၊ အသက် ၁၇ နှစ်အရွယ် ၂ ဦးတို့ကို ပြန်လည်အပ်နှံခဲ့တာလို့ သိရပါတယ်။အဲဒီ လူငယ် ၄ ဦးဟာ နွားထိုးကြီးမြို့နယ်က ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ လူငယ် ၄ ဦးဟာ ဇွန် ၂၀ ရက်နေ့က အွန်လိုင်း(Online)ကနေ တဆင့် ပခုက္ကူခရိုင်က တော်လှန်ရေးအဖွဲ့တခုထံကို ဝင်ရောက်လာခဲ့ပြီး အသက်မပြည့်တာကြောင့် အဲဒီအဖွဲ့ကနေ မြင်းခြံခရိုင်ပကဖထံကို ဇွန် ၂၆ ရက်နေ့မှာ လွှဲပြောင်းပေးခဲ့တာလို့ သိရပါတယ်။ အဲ့ဒီနောက် ဇွန် ၂၇ ရက်နေ့မှာတော့ ၎င်းတို့မိဘတွေထံ ပြန်အပ်လိုက်တာလို့ဆိုပါတယ်။

“ကလေးတွေကိုလည်း တကယ်ဆန္ဒပြင်းပြရင် အသက်ပြည့်တဲ့အခါ ဝင်ရောက်ဖို့ ပြောထားပါတယ်။ onlineကနေပဲ ချိတ်ဆက် ဝင်ရောက်လာကြတာပါ။ အသက်ကို အမှန်မပြောပဲ ဝင်လာကြတာပါ။ ဒါလည်း သူတို့ စိတ်အားထက်သန်ကြလို့ဖြစ်တဲ့အနေအထားပါ”လို့ မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

ကာကွယ်ရေးအဖွဲ့ဝင်အဖြစ် လက်မခံပဲ အခုလို ငြင်းဆန်လိုက်ရတာဟာ ဒီအသက်အရွယ်မှာ မိဘတွေရဲ့ အုပ်ထိန်းမှုအရိပ်အောက်မှာ ရှိနေသင့်တယ်လို့ ယူဆပြီး ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောဆိုပါတယ်။

အလားတူ မြင်းခြံခရိုင်ပကဖထံကို ဝင်ရောက်လာသူ ၂ ဦးမှာလည်း အသက် ၁၆ နှစ်သာရှိသေးတာကြောင့် ၎င်းတို့ကို ဧပြီလအတွင်းမှာ မိဘတွေထံကို ပြန်လည်အပ်နှံခဲ့ပေမယ့် လုံခြုံရေးအခြေအနေတွေကြောင့် သတင်းမထုတ်ပြန်ခဲ့တာလို့ သူကဆက်ပြောပါတယ်။ဧပြီလအတွင်း အပ်နှံလိုက်သူ ၂ ဦးကတော့ မြင်းခြံမြို့နယ် ကဖြစ်ကြတယ်လို့သိရပါတယ်။

စာတည်း – ဆောင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။