myaelatt athan

Sharing Information to the Local

ပကဖခေါင်းဆောင်မင်္ဂလာဆောင် လက်နက်ကြီးနဲ့ထုခံရလို့ ၇ နှစ်အရွယ်ကလေးတဦး မျက်စိတဖက်ပျက်စီး

0 2
0 2

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂုံညှင်းဆိပ်ကျေးရွာထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးရဲ့မင်္ဂလာဆောင်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ထုရာက ၇ နှစ်အရွယ် ကလေးတဦး ကျည်စမှန်ပြီး မျက်စိတဖက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက် မနက် ၉ နာရီမှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တလုံးကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၇ နှစ်အရွယ်ကလေးတဦး မျက်စိတဖက်ပျက်စီးသွားခဲ့တာပါ။

ဒဏ်ရာရသူမှာ မအိအိချွန် ၇ နှစ်(ဘယ်ဖက်မျက်စိပျက်ဒဏ်ရာရ)၊ မဆုမွန် ၂၅ နှစ်(ကျောကုန်းဒဏ်ရာရ)တို့ဖြစ်ကြပြီး၊ မအိအိချွန်မှာ မိဘတွေချို့တဲ့တာကြောင့် ဆေးကုသနိုင်ဖို့အတွက် အခက်အခဲဖြစ်ပေါ်နေတယ်လို့ အမည်မဖော်လိုတဲ့ရွာခံအမျိုးသားတဦးက ပြောပါတယ်။

“အိအိချွန်က အမွှာကလေးပါ။ သူမကအငယ်မ။ သူ့တို့မိဘကအရမ်းဆင်းရဲကြပါတယ်။ ဒီကလေး၂ယောက်ပဲရှိတာ။ အခုလောလောဆယ်တော့ ကလေးမကို CDM ဆရာဝန်တွေရှိတဲ့ တနေရာမှာကုသနေပါတယ်” လို့ဆိုပါတယ်။

မင်္ဂလာဆောင်ကို ၁ မိုင်ခန့်ဝေးတဲ့ ကြွယ်ပုံကျေးရွာထဲတပ်စွဲထားတဲ့စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ချိန် လက်နက်ကြီးကျည်တလုံးမှာ ကျေးရွာရဲ့နေအိမ်တအိမ်ထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အခုလိုဒဏ်ရာတွေရရှိသွားတာဖြစ်တယ်လို့ အဲဒီရွာခံကပြောပါတယ်။

“အိအိချွန်ကို ဆုမွန်ကမင်္ဂလာဆောင်ပွဲကနေ ဆိုင်ကယ်နဲ့ နေအိမ်ကိုလိုက်ပို့တဲ့အချိန်မှာ လက်နက်ကြီးစတွေစင်ပြီးတော့ သူတို့နှစ်ယောက်ကိုထိသွားတာ။ ကလေးမမှာတော့ မျက်စိတဖက်လုံးဝပျက်စီးသွားတယ်။ အခုကဆေးကုသမှုခံယူထားလို့ အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူး။ လက်နက်ကြီးကပွဲကိုမကျဘဲ နေအိမ်ကိုကျသွားတာ” လို့ ဆိုပါတယ်။

ဂုံညှင်းဆိပ်ကျေးရွာမှာ ပြုလုပ်တဲ့မင်္ဂလာဆောင်ပွဲမှာ ကျေးရွာခေါင်းဆောင်ရဲ့ပွဲဖြစ်တာကြောင့် စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် ကြွယ်ပုံရွာထဲမှ စစ်အုပ်ကနေ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် ဒီပဲယင်းကွဲ၊ စံသစ်၊ ရွာထောင်နဲ့ တောင်မြို့ရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။