myaelatt athan

Sharing Information to the Local

ရွှေဘိုမှာ လက်နက်ကြီးထိလို့ ဒေသခံ ၃ ဦးဒဏ်ရာရ

ရွှေဘို၊ ဇွန် ၂၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ဆိပ်ခွန်သွားလမ်းပိုင်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး ဒေသခံ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

ဇွန် ၂၆ ရက်ညနေ ၄ နာရီခန့်မှာ ရွှေဘိုမြို့တောင်ဘက်မုဒ်အထွက်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၈၁ မမ လက်နက်ကြီး ၁ လုံး၊ မင်းကုန်းရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၆၀ မမ ၁ လုံးပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်သူထိတဲ့ အလုံးက ၈၁ ကျကွဲတာကနေ ထိကြတာ။ တိုက်ပွဲမဖြစ်ဘဲနဲ့ပစ်တာ။ ခါတိုင်းလည်း သူတို့က ဒီလိုဘဲ တော်လှန်ရေးအင်အားစုတွေရှိတဲ့ဘက်ကို ရမ်းသမ်းပစ်ခတ်နေတာပါပဲ”လို့ ရွှေဘိုမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် လမ်းသွားလမ်းလာ ကင်းပြားရွာသား အသက် ၄၀ ကျော်အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး လက်ရှိမှာဆေးကုသမှုပေးနေတာကြောင့် စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့ ဆိုပါတယ်။

ရွှေဘိုမြို့နယ်မှာ ရွှေဘိုမြို့ကလွဲပြီး ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း၊ ရွှေဘို-ဆိပ်ခွန်လမ်းပိုင်းအပါအဝင် နေရာအများစုကို ဒေသကာကွယ်ရေးအဖွဲ့တွေဘက်ကထိန်းချုပ်ထားတာလို့လည်း ရွှေဘိုမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဧပြီ ၂၈ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ကွေ့တက်ကြီးကျေးရွာမှာ မခေါက်ကျေးရွာရှိ ပျူစောထီး အဖွဲ့ဝင်တွေကနေ ဒရုန်းအသုံးပြုပြီး ဗုံး ၁ လုံးကြဲချခဲ့တာကြောင့် မိသားစုဝင် ၃ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။