မြေလတ်အသံ၊ ဇွန် ၂၇၊ ၂၀၂၅။
မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးဟာ ဇွန် ၂၇ ရက်ဒီနေ့မနက်ပိုင်းမှာ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ သေဆုံးခဲ့ပြီး ရုပ်အလောင်းကို နေအိမ်ပြန်သယ်ခွင့်မရဘူးလို့ ဦးအောင်ကျော်ဦးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အသက် ၆၉ နှစ်အရွယ် ဦးအောင်ကျော်ဦးဟာ ဒီမနက်အစောပိုင်းက ရုတ်တရက်မောတယ်ဆိုပြီး ထောင်ဆေးရုံကို ပို့ဆောင်စဥ် မနက် ၇ နာရီမှာ ထောင်ဆေးရုံမှာပဲကွယ်လွန်ခဲ့တာလို့ ဆိုပါတယ်။
“အလောင်းပြန်သယ်ခွင့်မပြုတာကိုတော့ သံသယဖြစ်မိတယ်။ ထောင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုက တကယ့်ကိုအဆိုးရွားဆုံးဖြစ်နေတဲ့အပြင် ရည်ရွယ်ချက်ထားပြီး နည်းပေါင်းစုံနဲ့ နိုင်ကျဉ်းတွေ အပေါ်ယုတ်မာကောက်ကျစ်နေကြတာ”လို့ မန္တလေးတိုင်းမှ လွှတ်တော်ကိုယ်စားလှယ်တဦး ကပြောပါတယ်။
ဦးအောင်ကျော်ဦးဟာ တကျော့ပြန်စစ်အာဏာသိမ်းတဲ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်မှာပဲဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (က)နဲ့ ထောင်ဒဏ် ၃ နှစ်၊ သဘာဝဘေး ပုဒ်မ ၂၅ နဲ့ ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်းထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရတာဖြစ်ပြီး လွတ်ရက်နီးလာချိန်မှာ ခုလိုရုတ်တရက် သေဆုံးခဲ့တာလို့ သိရပါတယ်။
သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD ရဲ့ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ၁ ဦးဖြစ်ပြီး ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲနှစ်ခုလုံးမှာအနိုင်ရရှိခဲ့ကာ ၂၀၁၅ ကနေ ၂၀၂၀ အထိ မန္တလေးတိုင်းလွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက် မနက်အစောပိုင်းကလည်း နိုင်ကျဉ်းတွေဆေးကုသခွင့်၊ ဆေးဝါးပေးပို့ခွင့် တင်းကျပ်ခံထားရတဲ့ အိုးဘိုထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ကျန်းမာရေးအခြေအနေဆိုးဝါးလာတာကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေချိန် သွေးကင်ဆာရောဂါနဲ့ကွယ်လွန်ခဲ့ပါသေးတယ်။
ဒေါက်တာဇော်မြင့်မောင်ရဲ့အလောင်းကိုတော့ မိသားစုတွေပြန်လည်ရရှိကာ ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန်(၃) လမ်းရှိ ၎င်းရဲ့ဖခင်ဖြစ်သူနေအိမ်မှာ နာရေးပြင်ဆင်ခွင့်ခဲ့ရခဲ့ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅၊ ဇွန် ၂၆ အထိ အာဏာသိမ်းဖြစ်စဥ်နဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ စုစုပေါင်း ၂၉,၃၃၃ ဦးရှိခဲ့ပြီး အဲ့ဒီထဲက ၂၂,၁၇၅ ဦးကဖမ်းဆီးခံထားရဆဲဖြစ်ကာ ၁၀,၈၇၈ ဦးက ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP ရဲ့ အစီရင်ခံစာအရသိရပါတယ်။