myaelatt athan

Sharing Information to the Local

စစ်ကြောင်းဝင်ခဲ့တဲ့ကန့်ဘလူမှာ အမျိုးသား ၉ ဦးဖမ်းဆီးသတ်ဖြတ်ခံရ

မြေလတ်အသံ၊ ဇွန် ၂၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ကို စစ်ကောင်စီတပ်က ၃ ရက်ဆက်တိုက် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ချိန် အမျိုးသား ၉ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ဆီက သိရပါတယ်။

ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်ဟာ ဇွန် ၂၃ ရက်မနက် ၈ နာရီ ကနေ ဇွန် ၂၆ ရက်မနက် ၉ နာရီအထိ သပြေသာ၊ ကျောင်းကုန်း၊ ဖိုလ်ကုန်းစတဲ့ ကျေးရွာ ၃ ရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကိုမီးရှို့ကာ ရွာခံအမျိုးသား ၉ ဦးကိုပါသတ်သွားခဲ့တာလို့ ဆိုပါတယ်။

“များသောအားဖြင့်တော့ ဓားတွေမွှန်းထားတဲ့သူတွေအကုန်လုံးတော်တော်နီးနီးမှာတော့ ဓားဒဏ်ရာတွေကရှိတယ်။ ဘယ်နှစ်ယောက်လည်လှီးခံထားရလည်းဆိုတာက ပြောမရပေါ့နော်။ အကုန်လုံးက လက်ပြန် ကြိုးတုပ်ထားတဲ့ဟာရှိမယ်။ မီးရှို့သတ်ထားတဲ့ဟာ မလောင်တာရှိမယ်။ တော်တော်များများကတော့ သတ်ဖြတ်ထားတာမက ခြေတွေ၊ လက်တွေမှာက သွေးယိုစီးမှုတွေရှိတယ်။ သွေးတွေစလက်နဲ့များတယ်”လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အသတ်ခံရသူ ၉ ဦးဟာ သပြေသာရွာမှ စွံ့အနေသူ အသက် ၅၀ အရွယ် ဦးလှိုင်းဇာဇာ၊ ဦးအောင်နိုင် ၄၅ နှစ်၊ ဦးတရုတ်ကြီး ၄၅ နှစ်၊ ကိုမျိုးထက် ၃၄ နှစ်၊ ဖိုလ်ကုန်းရွာမှ ဦးဝင်း ၅၃ နှစ်၊ ဦးချစ်ဝင်း ၆၀ နှစ်၊ ကျောင်းကုန်းရွာမှ ကိုသိန်းတိုး ၃၇ နှစ်၊ ဦးမြင့်မောင် ၄၅ နှစ်နဲ့ ဦးမျိုးဆန်း ၄၅ နှစ် တို့ဖြစ်ကြပါတယ်။

အဆိုပါ ၉ ဦးမှာ ကာကွယ်ရေးအဖွဲ့ဝင်တွေမဟုတ်ဘဲ ရွာခံပြည်သူတွေသာဖြစ်သလို သူတို့အနေနဲ့ စစ်ကြောင်းထိုးဝင်လာချိန် မရှောင်လိုက်နိုင်ဘဲ နေအိမ်အတွင်း ပိတ်မိခဲ့သူတွေဖြစ်နိုင်ပြီး ၎င်းတို့ရဲ့ ရုပ်အလောင်းတွေကို ဇွန် ၂၆ ရက်ညနေ ၄ နာရီခန့်မှာ နယ်မြေရှင်းလင်းရေးဝင်လုပ်ချိန် တွေ့ရှိခဲ့ရတာလို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

အဆိုပါစစ်ကြောင်းဟာ ကန့်ဘလူအခြေစိုက် ၆၀၀၆ အမြောက်တပ်ရင်းမှဖြစ်ပြီး ဇွန် ၂၆ ရက်မနက် ၉ နာရီကျော်မှာ သပြေသာရွာနဲ့ ကျောင်းကုန်းရွာကနေ ထွက်ခွာခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ကြံစိုက်ပျိုးရေးတပ် (ကစရ) ကိုရောက်ရှိသွားပြီဖြစ်တယ်လို့ ကန့်ဘလူခရိုင်တပ်ရင်း ၄ ဆီကသိရပါတယ်။

စစ်ကြောင်းကြောင့် သပြေသာ၊ ကျောင်းကုန်း၊ ဖိုလ်ကုန်းစတဲ့ကျေးရွာတွေအပါအဝင် အနီးအနားရှိ ကျေးရွာတွေက ပြည်သူ ၈,၀၀၀ ခန့်လည်း ဘေးလွတ်ရာနေရာတွေဆီ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။