myaelatt athan

Sharing Information to the Local

PDF ကိုမထောက်ပံ့ဖို့ ပဲခူးအနောက်ခြမ်းက လုပ်ငန်းရှင်တွေကို စစ်ကောင်စီ တောင်ပိုင်းတိုင်းတိုင်းမှူးက ခြိမ်းခြောက်

0 1
0 1

ပဲခူး၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၃။

စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထိန်ဝင်းဟာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပဲခူးတိုင်းအနောက်ခြမ်း ၃ မြို့နယ်က စီးပွားရေးလုပ်ငန်းရှင်တွေကို နတ်တလင်းမြို့မှာ ခေါ်ယူတွေ့ဆုံပြီး PDF မထောက်ပံ့ဖို့ ကြိမ်းမောင်းခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

အုတ်ဖို၊ နတ်တလင်းနဲ့ ပေါင်းတည်မြို့နယ်က စီးပွားရေးလုပ်ငန်းရှင်တွေကို နတ်တလင်းမြို့ ရွှေလင်းခန်းမမှာ ဖေဖေါ်ဝါရီလ ၁၀ ရက်ညနေ ၃ နာရီလောက်က တွေ့ဆုံကြိမ်းမောင်းခဲ့တာလို့ ဆိုပါတယ်။

“မြို့နယ် ၃ မြို့နယ်ကလုပ်ငန်းရှင်အချို့ကို တိုင်းမှူးက နတ်တလင်းမှာ ခေါ်တွေ့တယ်။ PDF တွေကိုမထောက်ပံ့ဖို့၊ PDF တွေဟာ တောင်ပေါ်မှာစုမိနေပြီ။ ကျနော်တို့ထိုးစစ်ဆင်လာတဲ့အခါ လေယာဥ်ပျံတွေ သုံးရလိမ့်မယ်၊ ခင်ဗျားတို့ကအကူအညီတွေပေးနေရင် မြို့နာမယ်ဆိုပြီးခေါ်ပြီး ခြိမ်းခြောက်ကြိမ်းသွားတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။

အဲဒီတိုင်းမှူးလာတာကို သက်ဆိုင်တဲ့ ၃ မြို့နယ်က ပျူစောထီးအဖွဲ့ဝင်တွေလည်း တက်ရောက်တယ်လို့ သူကဆက်ပြောပါတယ်။

ပဲခူးရိုးမအနောက်ခြမ်းကို ဖေဖေါ်ဝါရီလ ၁၀ ရက်မနက် ၁၀ နာရီလောက်က စစ်ရဟတ်ယာဥ်တစင်း ဝဲပျံအပြီးနာရီပိုင်းအကြာမှာ ဗိုလ်ချုပ်ထိန်ဝင်းဆိုသူ ရောက်ရှိလာတာလည်းဖြစ်ပါတယ်။ပဲခူးရိုးမအစပ်က အုပ်ဖိုနဲ့နတ်တလင်းမြို့တွေမှာ စစ်ရှောင်တွေလည်းရှိနေပြီး ပေါင်းတည်မြို့မှာတော့ စစ်ကောင်စီကမီးရိူ့ခဲ့လို့ ရွာပြန်မကပ်ရတဲ့ မီးဘေးသင့်ရွာသား ၄၀၀ ဦးလောက်လည်း ရှိနေပါတယ်။

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးမကြေညာမီ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၈ ရက်က ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းရွာသား ပြည်တက္ကသိုလ် ကွန်ပျူတာကျောင်းသားတဦးနဲ့ အဖော်ဖြစ်သူကိုသူရဲ့ရွာအနီးမှာ အရက်မူးနေတဲ့စစ်သား ၂ ဦးကပစ်သတ်ပြီး ဆွဲကြိုးနဲ့လက်စွပ်ကို ယူဆောင်ခဲ့ပါတယ်။

ဒါ့အပြင် အခုနှစ် ဇန်နဝါရီလ ၁၄ ရက်ကလည်း နတ်တလင်းမြို့နယ်၊ တာပွန်မြို့အနီးရှိ စစ်ကောင်စီဂိတ်က ဆိုင်ကယ်ရပ်မပေးလို့ဆိုကာ တက္ကသိုလ်ကျောင်းသားတဦးကို ပစ်သတ်ခဲ့သလို အဲဒီနေ့မှာပဲ နယ်မြေချင်းထိစပ်နေတဲ့ ဇီးကုန်းမြို့နယ်၊ လေးမျက်နာရဲစခန်းအနီးမှာ ရေခဲချောင်းရောင်းပြီးပြန်လာတဲ့ ကြံ့ခိုင်ရေးအမာခံတဦးကိုလည်း လေးမျက်နာရဲက ပစ်သတ်ခဲ့ပါသေးတယ်။

လက်ရှိမှာ အုတ်ဖို၊ နတ်တလင်းနဲ့ ပေါင်းတည်မြို့တို့ကို စစ်ကောင်စီက မနက် ၄ နာရီကနေ ည ၉ နာရီအထိသာသွားလာခွင့်ပြုကာ ပဲခူးရိုးမအတွင်းကိုလည်း စစ်အင်အားတိုးချဲ့စစ်ပြင်ဆင်နေပြီး တိုက်ပွဲတွေဖြစ်ပေါ်လာပါက အပစ်မဲ့ပြည်သူသေဆုံးမှုနဲ့ စစ်ရှောင်ဦးရေလည်း ပိုမိုများပြားလာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ထားကြပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။