နတ်တလင်းမှာ ဆိုင်ကယ်မောင်းခွင့် တကဒ်ကို ကျပ် ၃၀၀၀ နဲ့လုပ်ခိုင်း

0 4
0 4

ပဲခူး၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့မှာ စစ်ကောင်စီက ဆိုင်ကယ်မောင်းခွင့် ကဒ်ဆိုကာ တကဒ်ကို ကျပ် ၃၀၀၀ နဲ့ လုပ်ခိုင်းနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဖေဖေါ်ဝါရီလ ၉ ရက်က စတင်ကာ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ဦးဆောင်လုပ်ပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဆိုင်ကယ်စီးမယ်ဆိုရင် စီးတဲ့သူတိုင်း သူတို့လုပ်ပေးတဲ့ ဆိုင်ကယ်စီးတဲ့ ကဒ်လုပ်ရမယ်။ ဥပမာအနေနဲ့ အိမ်တအိမ်မှာ ဆိုင်ကယ်တစီးပဲရှိပြီး ဆိုင်ကယ်မောင်းတတ်သူက ၃ ယောက်ရှိရင် ၃ ကဒ် လုပ်ရမယ်။ တစီးပဲရှိလို့ တကဒ်ပဲ လုပ်လို့မရဘူး။ ကဒ်မှာ ဆိုင်ကယ်စီးသူရဲ့ ဓါတ်ပုံနဲ့ မှတ်ပုံတင်လည်း ပါတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

ပြည်သူတွေ စီးပွားရေးကျပ်တည်းနေချိန်မှာ အခုလို အမျိုးမျိုး ပြည်သူ့ငွေတွေကို ကြံဖန်တောင်းခံနေတာ ဖြစ်ပြီး၊ အဲဒီငွေကြေးက ဘယ်ကိုသွားမှာလဲဆိုတာလည်း မသိရသလို ပဲခူးတိုင်းအနောက်ခြမ်း ၁၄ မြို့နယ်ထဲမှာ အခုလို ဆိုင်ကယ်စီးနင်းခွင့် လုပ်တာဟာ နတ်တလင်းတမြို့တည်းသာ ဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

အဲ့ဒီကဒ်တွေကို တရားဝင်ကြေညာတာမျိုးမရှိပဲ ပြုလုပ်နေတာဖြစ်ပြီး မပြုလုပ်ပဲ စီးနင်းပါက ဆိုင်ကယ်ကို သိမ်းဆည်းမယ်ဆိုတဲ့သတင်းလည်း ထွက်ပေါ်နေသလို အခြားမြို့က လာရောက်သူတွေကို ဘယ်လိုအရေးယူမယ်ဆိုတာကိုတော့ ထုတ်ပြန်တာမျိုး မရှိပါဘူး။

ဖေဖေါ်ဝါရီလ ၉ ရက်ကနေ တပါတ်အတွင်း ပြုလုပ်ရမှာ ဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ ဆိုင်ကယ်သိမ်းဆည်းခံရမှာကို ကြောက်လန့်ပြီး ပြုလုပ်နေကြရတယ်လို့လည်း သိရပါတယ်။

ဆိုင်ကယ်စီးနင်းခွင့်ကဒ်မှာ မနက် ၅ နာရီကနေ ည ၉ နာရီအတွင်း နတ်တလင်းရဲစခန်းနဲ့ တာပွန်ရဲစခန်းပိုင် နယ်မြေအတွင်းသာစီးနင်းခွင့်ရှိပြီး စစ်ဆေးတာကို လက်ခံပါမယ်ဆိုတဲ့ ခံဝန်ကတိလည်း ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ် ကြေငြာထားတဲ့ ပဲခူးတိုင်း ၅ မြို့နယ်စာရင်းထဲမှာ ထန်းတပင်၊ အုပ်ဖို၊ ပေါင်းတည်၊ ပေါက်ခေါင်းတို့နဲ့အတူ နတ်တလင်းမြို့လည်း ပါဝင်နေပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။