myaelatt athan

Sharing Information to the Local

ဥသျှစ်ပင်မြို့မှာ အရက်အတူ သောက်ရာက လူသတ်မှုဖြစ်လို့ လင်မယားနှစ်ဦး သေဆုံး

0 6
0 6

ပဲခူး၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ရဲစခန်းအပိုင် ကျီးပင်အုပ်စုထဲမှာ ဖေဖေါ်ဝါရီလ ၁၀ ရက် မနေ့ည ၈ နာရီခွဲလောက်က ခမည်းခမက်နှစ်ဦး အရက်အတူသောက်ရာက လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ဥသျှစ်ပင်မြို့ လယ်တီကျေးရွာ ကွက်သစ်ရေငံတောတိုက်ထဲမှာ နေကြတဲ့ အသက် ၄၈ နှစ်အရွယ် ကိုမိုးကျော်ဆိုသူက အသက် ၅၃ နှစ်အရွယ် ဦးသိန်းရွှေနဲ့ အသက် ၄၇ နှစ်အရွယ် ဒေါ်မြခက်တို့လင်မယားနှစ်ဦးကို ဓါးနဲ့ခုတ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“ခမည်းခမက်တွေ အရက်သောက်စကားများပြီး ဖြစ်ကြတာ ကောင်လေးရဲ့အဖေနဲ့အမေကို ကောင်မလေးအဖေက အရိုးအသွား ၂ ပေလောက်ရှိတဲ့ ဓါးမနဲ့ ခုတ်တာပါ။ ခုတ်တဲ့သူက ထွက်ပြေးရင်း​ ချောက်ထဲလိမ့်ကျလို့ ခြေထောက်ကျိုးသွားတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

သေဆုံးတဲ့အမျိုးသားမှာ ဇက်ပိုးပြတ်ရှဒဏ်ရာ ၂ ချက်၊ အမျိုးသမီးမှာ လည်ပင်းပြတ်ရှဒဏ်ရာ တချက် ရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အလောင်းကို ဥသျှစ်ပင်ဆေးရုံကတဆင့် သဂြိုလ်မယ့် အေးသုခသုဿန်ကို ဖေဖေါ်ဝါရီလ ၁၁ ရက် ဒီနေ့မနက်မှာပဲ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၃ ရက်နေကလည်း ပန်းတောင်းမြို့နယ်အပိုင် ဒေါင်းမြတ်နားအုပ်စု တောင်ပို့ကွင်းကျေးရွာက အသက်၄၂ နှစ်အရွယ် ကိုမင်းဆိုသူကို တရွာတည်း အတူနေ အသက် ၃၂ နှစ်အရွယ် ကိုဆွေသူက ဓါးနဲ့ထိုးမှု ဖြစ်ပွားခဲ့ပါသေးတယ်။

ပန်းတောင်းမြို့နယ်မှာ မကြာခဏဆိုသလို ဓါးခုတ်မှု၊ လူသတ်မှုတွေ ဖြစ်ပွားပြီး အများစုဟာ ကျေးလက်တောရွာတွေမှာ နေထိုင်တဲ့ အခြေခံလူတန်းစားတွေ ဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။