myaelatt athan

Sharing Information to the Local

တပတ်အတွင်း မင်းလှက ကျေးရွာ ၁၂ ရွာမီးရှို့ခံရပြီး ဒေသခံ ၁၁ ဦးဖမ်းခံထားရ

အမျိုးသား ၁ ဦးကိုလည်း စစ်ကောင်စီတပ်ကသတ်ခဲ့

မြေလတ်အသံ၊ ဇွန် ၂၆၊ ၂၀၂၅။

ပဲခူးတိုင်း၊ မင်းလှမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တပတ်အတွင်း ကျေးရွာ ၁၂ ရွာကိုမီးရှို့ပြီးဒေသခံတွေကိုလည်းဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတော်လှန်ရေး အင်အားစုတွေဆီက သိရပါတယ်။

ဇွန် ၂၆ ရက်ဒီကနေ့မနက်မှာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ကျွဲမကိုင်းနဲ့ ခွက်မကျေးရွာကို မီးရှို့ခဲ့တာကြောင့် ၇ ရက်အတွင်းမီးရှို့ခံရတဲ့ကျေးရွာ ၁၂ ရွာအထိရှိလာခဲ့တာလို့ ဆိုပါတယ်။

“အဲ့ ၂ ရွာက ရွာနီးစပ်တွေပေါ့။ သူတို့ (စကစ)က မနေ့ကတည်းကမီးရှို့တာ။ မီးမလောင်ခဲ့တော့ ဒီနေ့ ပြန်လာပြီးမီးရှို့တာပါ။ အိမ်ဘယ်လောက်လောင်သွားလည်းဆိုတာတော့ မသိရဘူး။ စကစတွေ ကင်းပုန်းတွေချထားတော့မသွားရဲကြသေးဘူး”လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပုံစာ-မီးရှို့ခံလိုက်ရတဲ့ ကျွဲမကိုင်းနဲ့ ငလှစမ်းရွာအား အဝေးကတွေ့မြင်ရစဥ်။

စစ်ကြောင်းစထိုးတဲ့ဇွန် ၂၀ ရက်ကနေ ဇွန် ၂၆ ရက်အထိ မင်းလှမြို့နယ်ထဲက တောင်ပြတ်၊ ဦးတိုကျွဲလမ်းစု၊ ဗိုလ်တထောင်၊ ဆားချောင်း၊ ဆင်အိုင်ချောင်းပေါက်၊ ဂန့်ဂေါပင်၊ ငလှစမ်း၊ ကျွဲမကိုင်း၊ ခွက်မ၊ စမ်းဘုတ်၊ ရွေးကုန်း၊ ဘန့်ဘွေးပင်စတဲ့ ကျေးရွာတွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဇွန် ၂၃ ရက်မှာ ငလှစမ်းရွာက အမျိုးသား ၁၀ ဦး၊ ဇွန် ၂၄ ရက်မှာ ဘန့်ဘွေးပင်ရွာက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကိုဖမ်းဆီးခဲ့ပြီး အဲဒီထဲက ငလှစမ်းရွာနေ အသက် ၃၅ နှစ်အရွယ် ကိုသန်းဇော်ဝင်း ကိုတော့သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကိုသန်းဇော်ဝင်းအလောင်းကို ရွာထဲက ဗုံးခိုကျင်းထဲမှာတွေ့ခဲ့ရတာ။ အလောင်းမှာ လက်တွေ၊ ခြေတွေကို ကြိုးတုပ်ထားတာတွေ့ရတယ်။ သူနဲ့အတူဖမ်းခံရတဲ့သူတွေကိုတော့ စစ်ကြောင်းထိုးရာ ဖမ်းခေါ်သွားတယ် ထင်တာပဲ။ ဘန့်ဘွေးပင်က ၂ ယောက်တော့ မောင်နှမတွေတဲ့”လို့ မျက်မြင်ဒေသခံ ပြောပြချက်ကို တပ်ဖွဲ့ဝင်ကပြန်ပြောပါတယ်။

ကိုသန်းဇော်ဝင်းရဲ့ရုပ်အလောင်းကိုတော့ ဇွန် ၂၅ ရက်မနက်ပိုင်းမှာ ငလှစမ်းရွာကို တော်လှန်ရေးတပ်ဖွဲ့တချို့က ရှင်းလင်းရေးဝင်ရောက်ခဲ့ချိန်တွေ့ရှိခဲ့ကြတာလို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကွင်းတာဇုံရဲကင်းစခန်းကနေ မင်းလှမြို့နယ်ရှိကျေးရွာတွေကို ဇွန် ၂၀ ရက်ကစတင်ပြီး အင်အား ၅၀၀ ခန့်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲဖြန့်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ အခုနှစ် ဇွန် ၂၅ ရက်ထိ စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့တဲ့ပြည်သူစုစုပေါင်း ၆,၈၁၉ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP ရဲ့အစီရင်ခံစာအရ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။