myaelatt athan

Sharing Information to the Local

စံပါယ်နံသာ ရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်သား ၂ဝ နီးပါး သေဆုံးကြောင်း NUG ထုတ်ပြန်

0 2
0 2

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ စံပါယ်နံသာ ရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ နီးပါး သေဆုံးပြီး ကာကွယ်ရေး ရဲဘော်တွေဘက်က ၄ ဦး မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၉ ရက် မနက် ၄ နာရီဝန်းကျင်ကနေ ၆ နာရီဝန်းကျင်ထိ အနီးကပ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဂျက်လေယာဉ်တက်လာတဲ့အတွက် စခန်းထဲထိ ဝင်မစီးဘဲ ပြန်ဆုတ်ခဲ့ရတယ်လို့ မြေပြင်နဲ့နီးစပ်သူ အမျိုးသားတဦးက ဆိုပါတယ်။

“စစ်**တွေစုပြီး အိပ်ကောင်းနေတဲ့အချိန် အလစ်ဝင်ပစ်ကြတာ။ ပစ်ရင်းနဲ့ ဝင်သိမ်းနိုင်တဲ့ အဆင့်ထိ ရောက်နေပြီ။ သူတို့က ဖရိုဖရဲ ဖြစ်နေပြီ။ ဝင်သိမ်းမယ်ဆိုရင် သိမ်းလို့ရနေပြီကို အဲ့အတွင်းထဲကိုက မဝင်နိုင်ဘူး တေ့ပစ်ရတာကို၊ လက်နက်တွေဝင်သိမ်းမယ်လုပ်တော့ ဂျက်ဖိုက်တာ တက်လာတာနဲ့ ချက်ချင်း ပြန်ဆုတ်လာရတာ။ အနီးကပ် ပစ်ရတာဆိုတော့ သေတာ ဒဏ်ရာရတာတွေ အကုန်လုံး မြင်ရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ နီးပါးသေဆုံးကာ အထိနာခဲ့လို့ ကန့်ဘလူမြို့အဝင်မှာရှိတဲ့ ၆၀၀၆ အမြှောက်တပ်ကနေ လက်နက်ကြီးပစ်ကူပေးပြီး၊ စခန်းနားမှာရှိတဲ့ အိမ်တွေကိုလည်း စခန်းသိမ်းတိုက်ပွဲမှာ ပါတယ်ဆိုပြီး စွပ်စွဲကာ မီးပတ်ရှို့လို့ အိမ် ၅ အိမ် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

မဟာမိတ်ရဲဘော်တွေဘက်ကတော့ ရဲဘော် ၄ ဦး ခြေထောက် ထိမှန်ဒဏ်ရာ၊ လက်မောင်း ထိမှန်ဒဏ်ရာနဲ့ ပုခုံးရှပ်ထိဒဏ်ရာတွေရခဲ့ပြီး မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

“ပြင်ဆင်တာက ည ၁၂ နာရီ ၁ နာရီလောက်ထဲက၊ ပစ်တာက တဘက်ထဲ မဟုတ်ဘူး။ သူတို့ထွက်မယ့် လမ်းတွေပါပိတ်ပြီးနေရာယူတာဆိုတော့ ဟိုဘက်အဖွဲ့ ဒီဘက်အဖွဲ့ ချိတ်ဆက်နေရတာနဲ့ မနက်မှပစ်ရတာ။ သွားထဲက စခန်းသိမ်းဖို့ဆိုပြီး သွားတာ။ သိမ်းလုသိမ်းဆဲမှာမှ ဂျက်ဖိုက်တာက တက်လာတော့ ဘာလိုမှ လုပ်မရတော့ဘူး။” လို့ ဆိုပါတယ်။

အခုလက်ရှိ စခန်းထဲမှာ ၆၀၀၆ တပ်ကနေ စစ်ကူလာတဲ့ကား ၂ စီး ရောက်ရှိနေပြီး၊ ဒီကနေ့မနက် ၈ နာရီအချိန်ထိ အမြှောက်တပ်ထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေဆဲဖြစ်ကာ အင်းလယ်ကြီးရွာထိပ်ကို ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲကို ကန့်ဘလူမြို့နယ် ပကဖ၊ ကန့်ဘလူ တပ်ရင်း ၃၊ ၄နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။