myaelatt athan

Sharing Information to the Local

စစ်ကောင်စီနေရာတွေ တိုက်ခိုက်ခံရအပြီး လက်နက်ကြီးပြန်ပစ်လို့ စျေးဆိုင် ၅၀ ကျော် မီးလောင်ပျက်စီး

0 2
0 2

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို၊ စံပယ်နံသာနဲ့ အမှတ် ၆၀၀၆ အမြှောက်တပ် ၃ ခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပြန်ပစ်လို့ စျေးနဲ့ လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ည ၁၀ နာရီကျော်ခန့်က စတင်ပြီး စံပယ်နံသာကျေးရွာက စစ်ကောင်စီတပ်စွဲထားတဲ့နေရာ၊ ကိုးဘိုတောင်က ခမရ ၃၆၁ တပ်နဲ့ အမှတ် ၆၀၀၆ အမြှောက်တပ်နေရာတွေကို တပြိုင်နက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပအဖ တာဝန်ရှိသူက ပြောပါတယ်။

“မနေ့ညက တပြိုင်နက် စကစ နေရာစခန်းတွေကို ဝင်တိုက်တာ။လက်နက်ကြီးတွေနဲ့ သူတို့စခန်းတွေကို ပစ်တာလည်း ရှိတယ်။ အနားကပ် တိုက်တာလည်း ရှိတယ်။ စုပေါင်းတိုက်ပွဲ ဖော်ဆောင်လိုက်တဲ့ သဘောပါ။ စကစဘက်က ထိခိုက်သေဆုံးတာတွေ များတယ်။ သူတို့စခန်းတွေ တိုက်ခိုက်ခံရလို့ လက်နက်ကြီးတွေနဲ့ တရစပ် ပြန်ပစ်တယ်။ ၆၀၀၆ ကနေဆို ဟောင်ဝစ်ဇာ အမြှောက်တွေနဲ့တောင် ပြန်ပစ်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီနေရာ ၃ ခု တိုက်ခံရချိန်မှာ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်သေဆုံး အသေးစိတ် သိရဖို့ စုံစမ်းနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကိုးတောင်ဘိုစျေး မီးလောင်ပျက်စီးသွားပြီး ဆိုင်ခန်း ၅၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီအပြင် ၆၀၀၆ အမြှောက်တပ်က ပစ်တဲ့ လက်နက်ကြီးထိလို့ ထန်းကုန်းကျေးရွာက နေအိမ် ၄ လုံး ပျက်စီးသွားသေးတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ ကန့်ဘလူမြို့နယ် ပကဖ၊ ကန့်ဘလူ တပ်ရင်း(၂)၊ တပ်ရင်း(၃)အပါအဝင် ကန့်ဘလူမြို့နယ်ထဲက PDF အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကောင်စီအင်အား ၁၅၀ လောက်ဟာ ညောင်ဇင်ကြီးကျေးရွာကို ရောက်လာပြီး နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့လို့ ညောင်ဇင်ကြီး၊ မဲသည်၊ အင်းလည်ကြီး၊ ပေလည်​ကျေးရွာတွေ အပါအဝင် ကျေးရွာပေါင်း ၈ ရွာက ဒေသခံတွေဟာ ထွက်ပြေးခဲ့ရသေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။