24 June 2025 7:54 PM

myaelatt athan

Sharing Information to the Local

တင့်ကားသုံးပြီး ညောင်ဦးနယ်ထဲစစ်ကြောင်းထိုးနေလို့ ဒေသခံသောင်းချီစစ်ရှောင်‌နေရ

ချောက်မှာလည်း တိုက်ပွဲဖြစ်ပြီး ထိန်ကန်ရွာက နေအိမ် ၁၀၀ နီးပါးကို စစ်တပ်မီးရှို့

မြေလတ်အသံ၊ ဇွန် ၂၄၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း တင့်ကားသုံးပြီးစစ်ကြောင်းထိုးနေလို့ ကျေးရွာ ၁၂ ရွာက ဒေသခံ ၉,၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ညောင်ဦးခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ People’s Democratic Army-PDA ဆီက သိရပါတယ်။

ဇွန် ၂၃ ရက် မနက် ၁၀ နာရီခွဲမှာ တောင်ဇင်းရဲစခန်းကထွက်တဲ့အင်အား ၈၀ ခန့်ပါ စစ်ကြောင်း ၁ ကြောင်း၊ ညောင်ဦးမြို့ကနေလာတဲ့ တင့်ကားပါ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအင်အား ၇၀ ခန့် စစ်ကြောင်း ၁ ကြောင်းနဲ့ ညောင်ဦးမြို့နယ်အတွင်းကျေးရွာတွေကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး အင်အား ၈၀ ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အနောက်အုံရွာနဲ့ ဇီးဖြူပင်ရွာအကြား ၁၅ မိနစ်ခန့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ – စစ်ကောင်စီတပ်မီးရှို့တာကြောင့် လွန်ကြယ်ထိန်ကန်ကျေးရွာနေအိမ်တွေ မီးလောင်ပျက်စီးမှုများ။
ပုံစာ – စစ်ကောင်စီတပ်မီးရှို့တာကြောင့် လွန်ကြယ်ထိန်ကန်ကျေးရွာနေအိမ်တွေ မီးလောင်ပျက်စီးမှုများ။

“ တင့်ကားပါတဲ့ နောက်တကြောင်းကတော့ ကျနော်တို့ ကတ္တရာလမ်းဘေးမှာ ထောင်ထားတဲ့တိုက်မိုင်းတွေ မိကြတယ်၊ သူတို့ဘက်က 40 (၄၀ မမဗုံးသီး) နဲ့ပစ်လိုက်တဲ့အချိန် ကျနော်တို့ ရဲဘော်တဦး ( မစိုးရိမ်ရ)ဒဏ်ရာတော့ရတယ်၊ အဲ့ဒီစစ်ကြောင်းက ယာတောတဲတွေ မီးရှို့သွားတယ်” လို့ People’s Democratic Army-PDA တာဝန်ခံ ရဲဘော်အုပ်စိုးက ပြောပါတယ်။

လက်ရှိမှာ တင့်ကားပါစစ်ကောင်စီတပ်၊ ပျူစောထီးပူးပေါင်းစစ်ကြောင်းက မြေသန့်တောင်ကျေးရွာကို ရောက်ရှိနေပြီး တောင်ဇင်းရဲစခန်းက ထွက်လာတဲ့ စစ်ကြောင်းကတော့ ဇီးပြင်ပင်(အလယ်ရွာ)မှာ အထိုင်ချနေတယ်လို့ သိရပါတယ်။

ပုံစာ – စစ်ကောင်စီတပ်မီးရှို့တာကြောင့် လွန်ကြယ်ထိန်ကန်ကျေးရွာနေအိမ်တွေ မီးလောင်ပျက်စီးမှုများ။
ပုံစာ – စစ်ကောင်စီတပ်မီးရှို့တာကြောင့် လွန်ကြယ်ထိန်ကန်ကျေးရွာနေအိမ်တွေ မီးလောင်ပျက်စီးမှုများ။

စစ်ကြောင်းတွေကြောင့် ညောင်ဦးမြို့နယ် အနောက်အို၊ ဇီးပြင်ပင်၊ ယာတောကြီး၊ ရွှေကမ်းဖြူ၊ မြောင်ရွာ၊ မုန်တိုင်၊ ကျောက်ပြင်ကန်၊ ဂျိုးကန်၊ ကျောက်ကန်၊ တောရွာ၊ ကံနီပေါက်ရွာတွေက ဒေသခံ ၉,၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စလေမြို့အခြေစိုက် ခမရ ၄၁၆ က ထွက်လာတဲ့ အင်အား ၆၀ ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား မကွေးတိုင်း၊ ချောက်မြို့နယ် ထိန်ကန်(ဒေသအခေါ် လွန်ကြယ်ထိန်ကန် )ရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က အဆိုပါရွာနေအိမ် ၉၀ ကျော်ကို မီးရှို့သွားတယ်လို့ ချောက်မြို့နယ်ပကဖပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပုံစာ – စစ်ကောင်စီတပ်မီးရှို့တာကြောင့် လွန်ကြယ်ထိန်ကန်ကျေးရွာနေအိမ်တွေ မီးလောင်ပျက်စီးမှုများ။
ပုံစာ – စစ်ကောင်စီတပ်မီးရှို့တာကြောင့် လွန်ကြယ်ထိန်ကန်ကျေးရွာနေအိမ်တွေ မီးလောင်ပျက်စီးမှုများ။

ဇွန် ၂၀ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်မှာ အထက်ပါကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ၁ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေ့လယ် ၂ နာရီခန့်မှာ စစ်ကောင်စီတပ်ကကျေးရွာအတွင်း ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပြီး စစ်ကြောင်းထွက်ခွာပြီးနောက်ကာကွယ်ရေးတပ်ဖွဲ့တွေက မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခန့်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။

မီးရှို့ပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ မကျီးဆောက်ကျေးရွာဘက်ကို စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားပြီး ဆုတ်ခွာရာလမ်းကြောင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့ မိုင်းထိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးတယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Chauk Guerrilla Force CGF၊ မကွေးခရိုင်အမှတ် ၁တပ်ရင်းနဲ့ နယ်မြေခံမဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

လွန်ကြယ်ထိန်ကန်ကျေးရွာဟာ စလေမြို့နဲ့ ၂ မိုင်ခန့်သာကွာဝေးတဲ့ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိ ရွာဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းက စလေမြို့အနီးတဝိုက်ကို စစ်ကြောင်းထိုးနေဆဲဖြစ်တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။