ကောလင်း၊ ဇွန် ၂၃၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်းက စစ်ရှောင်အိမ်ထောင်စု ၁၅၀ စုကို ဇွန် ၂၂ ရက်မှာ ဆန်ထောက်ပံ့ပေးခဲ့တယ်လို့ ကောလင်းပြည်သူမှပြည်သူသို့ အဖွဲ့ဆီက သိရပါတယ်။
ပြည်ပရောက်အလှူရှင်မိသားစုတစုရဲ့ ထောက်ပံ့မှုကို ဇွန် ၂၂ ရက်မှာ ၁ အိမ်ထောင်ကို ဆန် ၂ ပြည်နှုန်းနဲ့ ကိုယ်စားသွားရောက်ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ခန့်မှန်းထားတာက ၂၀၀ စာလောက်စီစဉ်ထားတာ၊ ဒါပေမဲ့ ကျနော်တို့သွားတဲ့နေရာမှာ အိမ်ထောင်စု ၁၅၀ ပဲရှိတယ်၊ ကျန်ရှိတဲ့ဆန်တွေကို လိုအပ်တဲ့နေရာမှာ ကျနော်တို့ ပြန်လည် မျှဝေပေးသွားမှာ ဖြစ်ပါတယ်”လို့ ကောလင်းပြည်သူမှပြည်သူသို့ တာဝန်ခံကိုသဲကြီးက ပြောပါတယ်။
ဒါ့အပြင် မိုးတွင်းကာလဖြစ်တာကြောင့် ခြင်အန္တရာယ်နဲ့ တခြားကူးစက်ရောဂါတွေဖြစ်မှာ စိုးရိမ်နေရပြီး ခြင်ထောင်တွေလည်းလိုအပ်နေသေးတာကြောင့် ထောက်ပံ့ပေးကြဖို့လည်း သူကဆိုထားပါတယ်။

“လတ်တလော မိုးတွင်းမိုးဦးကျစဆိုတော့ ခြင်တွေတအားပေါတာပေါ့၊ ခြင်ထောင်လိုအပ်ချက်တွေ ရှိပါတယ်၊ တချို့နေရာတွေကြတော့ တဲအလှူရှင်တွေရှိတော့ နေစရာတော့ အဆင်ပြေသွားကြပြီ၊ ခြင်အန္တရာယ်နဲ့အတူ တခြားတုပ်ကွေးရောဂါအပါအဝင် တခြားကူးစက်ရောဂါတွေပါ ဖြစ်နိုင်တာမလို့ ကျနော်တို့ ခြင်ထောင်လေးတွေတော့ လှူဒါန်းပေးချင်တာပေါ့၊” လို့ တာဝန်ခံကိုသဲကြီးက ပြောပါတယ်။
အဲ့ဒီစစ်ဘေးရှောင်တွေဟာ စစ်ဘေးတိမ်းရှောင်နေရတာ ၁ နှစ်ကျော်ရှိပြီး စားသောက်ရေးအတွက်လည်း အဆင်မပြေမှုနဲ့ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
စာတည်း – လင်း