myaelatt athan

Sharing Information to the Local

မင်းလှမှာ စစ်ကြောင်းထိုးမီးရှို့နေလို့ ရွာ ၁၀ ရွာကျော်ကဒေသခံတွေတိမ်းရှောင်နေ

၃ ရက်အတွင်း ရွာ ၇ ရွာမီးရှို့ခံထားရ

မြေလတ်အသံ၊ ဇွန် ၂၃၊ ၂၀၂၅။

ပဲခူးတိုင်း၊ မင်းလှမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ခုခွဲကာ ၃ ရက်ကြာစစ်ကြောင်းထိုးပြီး လူနေအိမ်တွေကို မီးရှို့နေတာကြောင့် ကျေးရွာ ၁၁ ရွာကဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဇွန် ၂၀ ရက်နေ့လယ် ၁ နာရီကစတင်ကာ စစ်ကွင်းတာဇုံရဲကင်းစခန်းကနေ အင်အား ၅၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက ဇွန် ၂၃ ရက်ဒီနေ့ညနေ ၄ နာရီအထိ မင်းလှမြို့နယ်ရှိ ကျေးရွာတွေကို တရွာဝင်၊ တရွာထွက် မီးရှို့နေတာလို့ ဆိုပါတယ်။

“ရန်သူဘက်(စကစ)က စစ်ကွင်းတာဇုံမှာရော၊ အဲ့အရင်ကရော စစ်ကြောင်းတကြောင်းလုံးနီးပါး ပြုတ်ထားသေးတာရောပါမယ်။ အဲ့တာတွေကြောင့် အခုလိုအင်အား အများအပြားသုံးပြီး စစ်ကြောင်းထိုးနေတာ “လို့ မင်းလှဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

အဆိုပါစစ်ကြောင်း ၃ ကြောင်းမှာ ကိုင်ပြင်ကြီး၊ အညာတန်း၊ ဆင်အိုင်ချောင်းပေါက်၊ သရော်ကုန်း၊ ဆားချောင်းစတဲ့ ကျေးရွာတွေဘက်ကို ၁ ကြောင်း၊ ဦးတိုတာလေး၊ ဗိုလ်တစ်ထောင်၊ ဂန့်ဂေါ်ပင်စတဲ့ ကျေးရွာတွေကို ၁ ကြောင်း နဲ့ ရေငံ၊ ဘုရားကြီး၊ ငှက်ပျောတုံးစတဲ့ကျေးရွာတွေဘက်ကို ၁ ကြောင်း အသီးသီးခွဲဖြန့်ပြီး စစ်ကြောင်းထိုးနေတာလို့ သူက ဆိုပါတယ်။

“ဒီစစ်ကြောင်း ၃ ကြောင်းမှာ တပ်မ ၆၆ ရော၊ ပျူစောထီးတွေရော၊ ကွန်မန်ဒို ၁၅၀ ပါတယ် သိရတယ်”လို့ အထက်ပါတပ်ဖွဲ့ဝင်က ပြောပါတယ်။

ဇွန် ၂၀ ရက်မှာ တောင်ပြတ်၊ ဦးတိုတာလေးရွာ ၂ ရွာကို မီးရှို့ခဲ့ပြီး ဇွန် ၂၃ ရက်ဒီနေ့မှာတော့ ဗိုလ်တထောင်၊ ဆားချောင်း၊ ဆင်အိုင်ချောင်းပေါက်၊ ဂန့်ဂေါ်ပင်၊ ငလှစမ်းစတဲ့ ၅ ရွာကို မီးရှို့နေတယ်လို့ သူကပြောဆိုပါတယ်။

နေအိမ်ပျက်စီးဆုံးရှုံးမှုတွေကိုတော့ မြေလတ်အသံကဆက်လက်စုံစမ်းနေပါတယ်။

ဇွန် ၂၀ ရက်နေ့က တောင်ပြတ်ရွာသစ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်ခိုက်ဖို့စောင့်ဆိုင်းနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦး ဖမ်းဆီးခံရပြီး အသတ်ခံလိုက်ရတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကိုအတည်ပြုပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇွန် ၁၆ ရက်ကလည်း မင်းလှမြို့နယ်၊ ဆင်အိုင်ချောင်းပေါက်ကျေးရွာအနီးမှာ ၁ ကြိမ်၊ ရန်ကုန် -ပြည်လမ်းပိုင်းရှိစစ်ကွင်းတာဆုံ ရဲကင်းစခန်းကို ၁ ကြိမ်နဲ့ရှမ်းတောကျေးရွာအနီး ၁ ကြိမ် စုစုပေါင်း ၃ ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ်မှူး ၁ ဦး၊ ခရိုင်ရဲမှူး ၁ ဦး၊ မြို့မရဲစခန်းမှူး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးခဲ့တယ်လို့သိရ ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။