myaelatt athan

Sharing Information to the Local

ဆေးရုံဗုံးကြဲခံရလို့ မီးနေသည် ၁ ဦးသေဆုံး၊ ၂ ရက်သားကလေးငယ်အသက်ဘေးကလွတ်

မြေလတ်အသံ၊ ဇွန် ၂၃၊၂၀၂၅။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ နယ်ရှိ ဆေးရုံ ၁ ရုံကို ဇွန် ၂၂ ရက်ည ၁၁ နာရီ ကျော်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မီးနေသည် ၁ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင် ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

စဉ့်ကူးနဲ့ မတ္တရာမြို့နယ်အစပ်ရှိ မေတ္တာနန္ဒ (ယက်ကန်းစင်)ဆေးရုံကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ပေါင် ၃၀၀ ဗုံးသီး ၂ လုံးကြဲချခဲ့တာကြောင့် သားဖွားမီးယပ်ဆောင်အပါအဝင် အဆောက်အအုံ ၃ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်တဲ့နေရာနဲ့မနီးဘူးဗျ၊ တိုက်ပွဲလည်းမရှိဘူး။ သပ်သပ်ကိုကြဲတာ။ ဆေးရုံက ကုတင်ဘယ်လောက်လည်းဆိုတာမသိရသေးဗျ။ သေဆုံးသူက ကလေးမွေးပြီး ၂ ရက်သာရှိသေးတယ်။ ကလေးကတော့ ဘာဒဏ်ရာမှဖြစ်ခဲ့ဘူး။ ကလေးကတော့ ကျား/မ ခွဲမသိရသေး”လို့ ပြင်ဦးလွင်ခရိုင်ပကဖ တာဝန်ရှိ သူကပြောပါတယ်။

သေဆုံးသူမှာ အသက် ၃၀ အရွယ်အမျိုးသမီးဖြစ်ပြီး သူဟာ မတ္တရာမြို့နယ်၊ ဆည်တော်လမ်းခွဲ ကျေးရွာကနေ ကလေးမီးဖွားလာသူဖြစ်ပါတယ်။

အလားတူ ဆေးရုံမှာဆေးကုသလာနေသူထဲက ၃ နှစ်နဲ့ ၅ နှစ်အရွယ်ကလေး ၂ ဦးအပါ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲ့ဒီထဲက အသက် ၃၅ နှစ် အရွယ်ရှိတဲ့အမျိုးသမီး ၁ ဦးကတော့ ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

အခုဗုံးကြဲခံရတဲ့ ဆေးရုံဟာ ယက္ကန်းစင်တောင်ကျေးရွာမှာရှိပြီး အဲ့ဒီဆေးရုံကို ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသက ၂၀၁၂ ဝန်းကျင်လောက်က တည်ဆောက်ထားတဲ့ အထွေထွေရောဂါကု ဆေးရုံဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ဇွန် ၉ ရက်ကလည်း စဉ့်ကူးမြို့ နယ်၊ ကျည်တောက်ပေါက်ကျေးရွာရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။