ပွင့်ဖြူ၊ ဇွန် ၂၃၊ ၂၀၂၅။
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းက စစ်ဘေးရှောင် ၅,၀၀၀ ကျော်အတွက် အမိုးအကာနဲ့ ခြင်ထောင်လိုအပ်နေတယ်လို့ မင်းဘူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
ဇွန် ၂၁ ရက်ကစတင်ပြီး ပခုက္ကူ တပ်မ ၁၀၁ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဆင်လူးပျူစောထီးအဖွဲ့ဝင် စုစုပေါင်းအင်အား ၁၅၀ ဟာ ပုသိမ်-မုံရွာလမ်းအတိုင်း မဲဇလီကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် လမ်းတလျှောက်ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလို့ဆိုပါတယ်။
“အရေးပေါ်တိမ်းရှောင်လိုက်ရတာမို့လို့ တောတွေတောင်တွေထဲ နေရတယ်။ မိုးတွင်းကာလလည်းဖြစ်နေတာ အခုလက်ရှိအချိန်ထိလည်း မိုးရွာနေတယ်။ တနိုင်ငံလုံးမိုးဇလကလည်း မိုးကြီးမယ်လို့ကြေညာထားတယ်။ ကျနော်တို့ဘက်လည်း မိုးကြီးတယ်။ ပြည်သူတွေက တောထဲနေရတော့ ခြင်တွေမှက်တွေကိုက်တာခံရတယ်”လို့ မင်းဘူးခရိုင်ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက ပြောပါတယ်။

အမိုးအကာမရှိ၊ ခြင်ထောင်မရှိကြတာကြောင့် မိုးမိပြီး ရာသီတုပ်ကွေးဖြစ်ပွားသူ ၂၀ ကျော်နဲ့ ငှက်ဖျားဖြစ်နေသူ ၂ ဦးရှိနေတယ်လို့ သူကဆက်ပြောပါတယ်။
စစ်ဘေးရှောင်တွေအတွက် အရေးပေါ်လိုအပ်ချက်အနေနဲ့ အမိုးအကာလုပ်နိင်မယ့် တာလပတ်တွေ၊ ခြင်ထောင်နဲ့ ဆေးဝါးတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကြောင်းဝင်နေလို့ အိမ်ခြေ ၁၀၀ ကျော်ကနေ ၃၀၀ ကျော်အတွင်းရှိတဲ့ ကျွဲခြံ၊ လယ်မ၊ မဲဇလီ၊ ကျောက်ပုံ၊ အင်းကုန်း၊ ညောင်ပင်ဝိုင်း၊ ထူးပေါက်၊ မဒဲ၊ ကနီကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၃ ရွာဝန်းကျင် က ဒေသခံပြည်သူ ၅,၀၀၀ ကျော်စစ်ဘေးရှောင်နေကြရတာပါ။


စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဟာ ဇွန် ၂၂ ရက် မနက် ၁၀ နာရီလောက်က ကျွဲခြံကျေးရွာအနီး ပုသိမ်-မုံရွာလမ်းပေါ်မှာ တိုက်ပွဲဖြစ်ပွားခဲ့သေးပြီး နှစ်ဖက်ထိခိုက်အခြေနေကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၂၃ ရက် ဒီမနက်ပိုင်းထိ မဲဇလီရဲစခန်းမှာရှိနေပြီး ရှေ့ဆက်တိုးတာ ပြန်ဆုတ်တာမျိုးမရှိသေးတာကြောင့် ဒေသခံတွေက နေရပ်မပြန်ရသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကလည်း ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာအနီးနဲ့ မဲဇလီကျေးရွာတံတားတို့မှာ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်သေဆုံးရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်တဲ့လက်နက်ကြီးကြောင့် အိမ်ခြေ ၁၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၁၀,၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း