myaelatt athan

Sharing Information to the Local

အင်းတော်မှာဗုံးကြဲခံရလို့ ဘုန်းကြီးကျောင်းပျက်စီးပြီး အမျိုးသမီး ၁ ဦးဒဏ်ရာရ

အင်းတော်၊ ဇွန် ၂၃၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာ နဘားလမ်းစုံက ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းပျက်စီးပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Indaw Revolution-IR ဆီက သိရပါတယ်။

ဇွန် ၂၂ ရက် မနက်အစောပိုင်း ၅ နာရီ ၄၅ မိနစ်မှာ ၁ ကြိမ် ၅ နာရီ ၅၁ မိနစ်မှာ ၁ ကြိမ် တံတားဦးလေတပ်က ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၂၀၀ ဗုံး ၂ လုံးကြဲချတာကြောင့် နဘားလမ်းစုံကဘုန်းကြီးကျောင်းပေါ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“ကြဲသွားတာက နဘားလမ်းစုံမှာ အောင်မင်္ဂလာဘုန်းကြီးကျောင်းဆိုတာရှိတယ်၊ အဲ့ဒီဘုန်းကြီးကျောင်းဝန်းထဲကို ကြဲသွားတာ၊ ဘုန်းကြီးကျောင်းဆောင်တွေကတော့ ထိခိုက်ပျက်စီးသွားတယ်၊ အမျိုးသမီးတဦးတော့ ထိခိုက်သွားတယ်၊ သူ့ရဲ့ အသက်အရွယ်တော့ မသိရဘူး၊ လမ်းသွားလာလာ အမျိုးသမီးတဦး မှန်စထိသွားတာ၊ ဘုန်းကြီးကျောင်းအဆောက်အဦက မှန်စက ခေါင်းကိုထိသွားတာ၊” လို့ Indaw Revolution-IR တာဝန်ရှိသူတဦးကပြောပါတယ်။

အဲ့ဒီဘုန်းကြီးကျောင်းဟာ စစ်ကောင်စီတပ်တွေအထိုင်ချဖူးတဲ့နေရာဖြစ်ပြီး အဲ့ဒီနေရာတဝိုက်ကို လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိခဲ့တာကြောင့် ဘယ်သူမှနေထိုင်နေတာမရှိဘူးလို့ ဆိုပါတယ်။

နဘားလမ်းစုံဟာ အိမ်ခြေ ၇၀၀ ရှိတဲ့နဘားရွာနဲ့ဆို ၇ ဖာလုံလောက်ဝေးပြီး မန္တလေး-မြစ်ကြီးနား လမ်းမပေါ်မှာတည်ရှိတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ် ၁၆ ရက်မှာ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နဘားလမ်းစုံက ကာကင်းစခန်းကို KIA တပ်တွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။