myaelatt athan

Sharing Information to the Local

စာသင်ကျောင်းဗုံးကြဲခံရလို့ ဆရာမ ၁ ဦးသေပြီး ကလေး ၃ ဦးအပါ ၈ ဦးဒဏ်ရာရ

မြေလတ်အသံ၊ ဇွန် ၂၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ အင်္ဂါးကျေးရွာစာသင်ကျောင်း ဇွန် ၂၀ ရက်ညနေ ၄ နာရီခန့်မှာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဆရာမ ၁ ဦးသေဆုံးပြီး ကလေး ၃ ဦးအပါအဝင် ၈ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ အင်္ဂါးရွာအလယ်တန်းကျောင်းကို ဗုံးသီး ၂ လုံးချတိုက်ခိုက်ခဲ့ရာ ဝန်ထမ်းအိမ်ရာအနီး ၁ လုံးနဲ့ ကျောင်းဆောင်နောက်ရှိ ရေစင်အနီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ဗုံးက ၂ လုံးတွဲ တပြိုင်တည်းချသွားတာပါ။ ဝန်ထမ်းနေအိမ် ၃ လုံးတွဲထဲက အလည်လုံး ပျောက်သွားပါတယ်။ ၂ ထပ်ကျောင်းဆောင်က တံခါးအားလုံး ပျက်စီးပါတယ်။ တကျောင်းလုံးရှိတဲ့ မှန်ကွဲပြီး မှန်ကွဲစတွေချည်းပါပဲ။ ဗုံးကျတဲ့နေရာနဲ့မီတာ ၁၀၀ နီး ပါးဝေးမယ့် အိမ်မှာအိပ်နေတဲ့ ကလေးလေး ၂ ယောက်လည်း ဒဏ်ရာရပါတယ်” လို့ ဒေသခံအမျိုးသားတဦးကပြောပါတယ်။

သေဆုံးသူမှာ စာသင်ကျောင်းဝန်းရှိ ဝန်ထမ်းအိမ်ရာမှာနေတဲ့ CDM ဆရာမ(မူပြ) အသက် ၃၀ အရွယ် ဒေါ်ဌေးဌေးမြင့် ဖြစ်ပြီး ဆေးရုံကိုသွားတဲ့လမ်းမှာအသက်ဆုံးရှုံးခဲ့ရတာလို့ ဆိုပါတယ်။

အသက် ၄ နှစ်နဲ့ ၇ နှစ် မိန်းကလေး ၂ ဦး၊ ၄ နှစ်ယောကျာ်းလေး ၁ ဦး၊ ၂၁ နှစ်နဲ့ ၄၀ နှစ်ကြားရှိ အမျိုးသား ၅ ဦးတို့ ဒဏ်ရာရခဲ့ပြီး အဲဒီထဲက ၄ နှစ်အရွယ် မိန်းကလေးမှာ ဘယ်ဖက်ခြေထောက် ဖြတ်လိုက်ရတယ်လို့ အထက်ပါအမျိုးသားကပြောပါတယ်။

ဒဏ်ရာရသူတွေထဲက အမျိုးသား ၅ ဦးဟာ စာသင်ကျောင်းဝန်းအတွင်း ယာယီစာသင်ဆောင်ဆောက်လုပ်ဖို့ သေဆုံးဆရာမရဲ့အိမ်ရှေ့မှာ ဝါးထရံယက်လုပ်နေကြတာကြောင့် ဗုံးကြဲချိန် ထိမှန်ခဲ့ကြတာလို့ သိရပါတယ်။

အင်္ဂါးကျေးရွာဟာ ပင်လည်ဘူးမြို့နဲ့ ၂၄ မိုင်အကွာ၊ အိမ်ခြေ ၂၂၀ ခန့်ရှိတဲ့ရွာဖြစ်ပြီး ဗုံးကြဲခံရတဲ့ စာသင်ကျောင်းဟာလည်း NUG ရဲ့ညွှန်ကြားချက်နဲ့ ပိတ်ထားတာ ၁ လလောက်ရှိပြီလို့ ဆိုပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅၊ ဇွန် ၂၀ အထိ စစ်ကောင်စီတပ်နဲ့ ၎င်းတို့ရဲ့လက်အောက်ခံတွေကြောင့် သေဆုံးတဲ့ပြည်သူ စုစုပေါင်း ၆,၈၁၀ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း – AAPP ရဲ့အစီရင်ခံစာအရသိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။