ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်‌ စစ်ရှောင်အိမ်ထောင်စု ၄၀၀ ကျော်ကို အခြေခံစားကုန် ၅ မျိုးထောက်ပံ့ (ရုပ်/သံ)

စလင်း ၊ ဇွန် ၁၉ ၊ ၂၀၂၅ ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် မကွေးတိုင်း၊ စလင်းမြို့နယ်၊ ငါးသန်ခေါင်းအုပ်စုထဲက စစ်ဘေးသင့်အိမ်ထောင်စု ၄၀၀ ကျော်ကို အခြေခံစားကုန်တွေထောက်ပံ့ပေးခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်‌အဖြစ် ဇွန် ၁၈ ရက် ယမန်နေ့မှာ နေအိမ်မီးလောင်ဆုံးရှုံးထားတဲ့ စစ်ရှောင်အိမ်ထောင်စု ၄၃၀ စုကို ၁ အိမ်ထောင်အတွက် အခြေခံစားကုန် ၅ မျိုး ၁၆,၁၀၀ ကျပ်နှုန်းနဲ့ စုစုပေါင်းကျပ်သိန်း ၇၀ ဖိုးခန့် ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

” မီးလောင်မှုဖြစ်စဉ်တွေအနေနဲ့တော့ ရွာ ၃၀ လောက်ရှိပါတယ်၊ လတ်တလော မီးသင့်ထားတဲ့ ငါးသန်ခေါင်းအုပ်စုက ကျေးရွာတွေကို လှူဒါန်းမှုလုပ်ခဲ့တာပါ၊ အိမ်ထောင်စုကတော့ ကျမတို့ ပထမကောက်ယူထားတာက ၄၂၇ စုရှိပါတယ်၊ ၄၂၇ စုစာ ထုတ်ပိုးပြင်ဆင်ထားပြီးတင်ခဲ့ပါတယ်၊ ထပ်တိုးလာတဲ့ အိမ်ထောင်စုရှိလာတဲ့အတွက် အိမ်ထောင်စု ၄၃၀ ကို လှူဒါန်းခဲ့ပါတယ်” လို့ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဒေါ်နှင်းဆီက မြေလတ်အသံကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၁ ရက်မှာ စစ်ကောင်စီတပ်က ငါးသန်ခေါင်းအုပ်စု၊ ငါးသန်ခေါင်း၊ ဂွေးကုန်း၊ စနေချောင်၊ အိုးသည်အုပ်စု၊ အိုးသည်ရွာမ၊ အိုးသည်အရှေ့ကုန်း စတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ခဲ့တာကြောင့် ငါးသန်ခေါင်းကျေးရွာအုပ်စုမှာ အိမ်ခြေ ၃၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူ ၇,၀၀၀ ခန့် စစ်ရှောင်ထွက်ပြေးခဲ့ရတာလည်း ဖြစ်ပါတယ်။

တည်းဖြတ် – M

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။