မြေလတ်အသံ၊ ဇွန် ၁၇၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ဆီက သိရပါတယ်။
ဇွန် ၁၄ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရှော့တိုက်ဒုံး ၃ လုံးဟာ နမခ စစ်ဆင်ရေးရုံး၊ လေ့ကျင့်ရေးရုံးနဲ့ အရာရှိရိပ်သာနေရာတွေကို ကျရောက်ပေါက်ကွဲပြီး အဆောက်အဦတချို့ မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။
” ကျတော်တို့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေမလုံခြုံရသလို သူတို့ စစ်ခေါင်းဆောင်တွေလည်း နေ့စဥ်နဲ့အမျှ ထိတ်လန့်နေစေရဖို့ အခုလိုမစ်ရှင်တွေ လုပ်ဖြစ်တာပါ”လို့ BWMအဖွဲ့တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
ရှော့ဒုံးကျရောက်ပေါက်ကွဲမှုအတွင်း အရာရှိ ၂ ဦးအပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး နေရာမှာသေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိပြီး ဒဏ်ရာရသူတွေကို စစ်တပ်ဆေးရုံနဲ့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
” အဲ့နေ့ညက တအုံးအုံးနဲ့ မြို့ပေါ်ကနေကို အသံတွေကြားနေရတာ။ အနောက်မြောက်ဘက်ကနေ အသံကလာတာ။ နမခဘက်ဆီကဘဲလို့တော့ ထင်မိလိုက်သေးတယ်။ ရွာတွေထဲ လှမ်းထုတယ်ထင်တာ။”လို့ မုံရွာမြို့ခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။
ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ပြီးနောက်မှာတော့ နမခတပ်တွင်းထဲက စစ်ကောင်စီတွေဟာ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့ပြီး အဆိုပါစစ် ဆင်ရေးကို Brave Warriors for Myanmar (BWM)ရဲ့ဦးဆောင်စီမံမှုနဲ့ မဟာမိတ်အဖွဲတွေဖြစ်တဲ့ Shadow(မုံရွာ)၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း၊ Justice Brothers Force အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်က ပျူစောထီးအထိုင်ချတပ်စွဲထားတဲ့ ကန်နီရွာရှိ ကင်းမျှော်စင်မှာ ကင်းစောင့်နေတဲ့ ပျူစောထီးတပ်ဖွဲ့ဝင် ၁ ဦးကို ကာ ကွယ်ရေးတပ်ဖွဲ့တွေက စနိုက်ပါနဲ့ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့တယ်လို့သိရပါတယ်။
ဇွန် ၁၀ ရက် မနက် ၇ နာရီဝန်းကျင်မှာ ကန်နီရွာအရှေ့ပိုင်းရှိ မီတာ ၄၀ ဝန်းကျင်အမြင့်ရှိ မျှော်စင်ပေါ်ကို ကင်းစောင့်ဖို့တက်သွားတဲ့ ပျူစောထီးကို ပစ်ခတ်ခဲ့တာလို့ ဗစ်တာပျောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာက ပြောပါတယ်။
ကန်နီရွာမှာ ဂျိုးသိမ်းမျှော်စင်ခေါ် မြင့်စင် ၁၇ ခုရှိပြီး အဆိုပါမျှော်စင်တွေအနက် ယခုပစ်ခတ်ခဲ့တဲ့ မျှော်စင်ဟာအမြင့်ဆုံး ဖြစ်တယ်လို့သိရပါတယ်။
ပစ်ခတ်မှုကို ဗစ်တာပျောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂ ၊မုံရွာခရိုင်တပ်ရင်း ၂၅ တပ်ခွဲ ၂ sniper အဖွဲ့၊ အညာမြေပျောက်ကျားတပ်ဖွဲ့မြို့ နယ်(ပကဖ)၊ လျှပ်စီးပျောက်ကြားတပ်ဖွဲ့(မြို့နယ်ပကဖ)မဟာမိတ်အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာရဲစခန်းကနေ ဂိတ်ကြေးကောက်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြို့သာဆေးရုံအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့- မြင်းခြံဆီက သိရပါတယ်။
ဇွန် ၁၆ ရက် မနက် ၅ နာရီ ၅၀ မိနစ်မှာ အင်အား ၂၅ ဦးဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဟာ မြို့သာဆေးရုံအနီး ဂိတ်ချဖို့လုပ်ဆောင်နေစဥ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရှိခဲ့ကြောင်း မြေပြင်သတင်းပေးတွေကတဆင့် စုံစမ်းသိရှိရပြီး ဒဏ်ရာရသူတွေကို မြို့သာဆေးရုံကတဆင့် မန္တလေးဆေးရုံကို သယ်ဆောင်သွားတယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံတာဝန်ခံက ဆိုပါတယ်။
အထက်ပါ စစ်ကောင်စီတပ်ဖွဲ့တွေ သေဆုံးထိခိုက်မှုနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်ပါဘူး။