myaelatt athan

Sharing Information to the Local

စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲမှာ ပြည်သူတွေမပါဝင်ကြဖို့ YRA ထီးလင်း တောင်းဆို

0
0

မကွေး၊ ဇန်နဝါရီ ၂၃၊ ၂၀၂၃။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ထဲမှာရှိတဲ့ ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲမှာ ပါဝင်ခြင်းမပြုကြဖို့ မနေ့ကဇန်နဝါရီလ ၂၂ ရက်မှာ YRA (ထီးလင်း) PDF ကထုတ်ပြန်ထားပါတယ်။

အခုလိုထုတ်ပြန်ထားတာကိုလက်မခံပဲ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တရားမဝင်ရွေးကောက်ပွဲကိုကျင်းပနိုင်ဖို့ ကူညီဆောင်ရွက်ပေးနေတဲ့ လူပုဂ္ဂိုလ်တွေ၊ လွတ်တော်ကိုယ်စလှယ်တွေနဲ့ မဲပေးဆောင်မယ့် ပြည်သူတွေကိုလည်း စစ်ကောင်စီနဲ့ တတန်းစားထဲသတ်မှတ်ပြီး ထိထိရောက်ရောက်အရေးယူသွားမယ်လို့ ဂန့်ဂေါခရိုင် တပ်ရင်း (၁၅ / ၁၆ / ၁၇ )− YRA ထီးလင်း ရဲ့ခေါင်းဆောင် သခင်ဇော်က မြေလတ်အသံကိုပြောပါတယ်။

“ဒီရွေးကောက်ပွဲက ဘယ်လိုမှမဖြစ်သင့်တဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် သူတို့ရွေးကောက်ပွဲ အောင်မြင်တယ်ဆိုတာကတော့ လုံးဝဖြစ်လာစရာအကြောင်းမရှိဘူး။ နဂိုကတည်းက အာဏာလု၊ အကြမ်းဖက် တရားမဝင် အဖွဲ့အစည်းဖြစ်တဲ့အတွက် ရွေးကောက်ပွဲဟာလည်း တရားမဝင်ဘူးဆိုတာ ပြည်သူအကုန်လုံးသိတယ်။ အဲဒါကို ပြည်သူတွေကလက်မခံပဲ ကူညီပေးနေမယ်ဆိုရင် စစ်ကောင်စီနဲ့ အလိုတူအလိုပါတွေလို့မှတ်ယူပြီး တိုက်ခိုက်သွားမယ်” လို့ဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီက တရားမဝင်ကျင်းပတဲ့ရွေးကောက်ပွဲမှာ မပါဝင်ဘဲနဲ့ နေလိုက်ခြင်းဟာလည်း အမျိုးသားတာဝန်တရပ်ကို ထမ်းဆောင်ပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွက် ထီးလင်းမြို့ပေါ်က ရပ်ကွက်တချို့ကိုသာ လိုက်လံချပြနိုင်သေးကြောင်း နဲ့ ထီးလင်းမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာပေါင်း ၉၀ ကျော်ကိုတော့ လိုက်လံချပြခြင်းမရှိသေးဘူးလို့ သခင်ဇော်က ဆက်ပြောပါတယ်။

“လောလောဆယ်တော့ သူတို့( စစ်ကောင်စီ) ကျေးရွာအဆင့်ကိုမရောက်သေးဘူး။ မြို့ပေါ်ကရပ်ကွက်တချို့ကိုပဲ လုပ််နိုင်သေးတယ်။ ကျေးရွာကိုတော့ လုံးဝစိုးမိုးမှုမရှိပါဘူး။ ကျေးရွာကလူတွေကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာမှလုပ်ဆောင်တာမျိုးလည်းမရှိဘူး” လို့ဆိုပါတယ်။

YRA (ထီးလင်း) PDF အနေနဲ့ အခုလိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးထုတ်ပြန်တာဟာ ပထမအကြိမ်ဖြစ်ပြီး စစ်ကောင်စီ ရဲ့ မတရားရွေးကောက်ပွဲကိုလည်း သက်ဆိုင်ရာမြို့နယ်၊ ဒေသအသီးသီးမှာရှိတဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေအားလုံး က မဖြစ်မနေဟန့်တားသွားမယ်ဆိုတာယုံကြည်တယ်လို့ သခင်ဇော်က ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။