myaelatt athan

Sharing Information to the Local

အသတ်ခံရတဲ့ စစ်ကြောရေးတာဝန်ခံနဲ့အဖွဲ့ဟာ ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို အသွင်ယူထောင်ဖမ်းခဲ့သူတွေဖြစ်

0
0

မြေလတ်အသံ၊ ဇန်နဝါရီ ၂၃၊ ၂၀၂၃။

ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ဖမ်းမိပြီး သတ်ခံလိုက်ရတဲ့ စစ်ကြောရေး ဗိုလ်မှူးအပါအဝင် ၄ ဦးဟာ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ကို အသွင်ယူထောင်ဖမ်းခဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၂ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၁၆၁ အနီးမှာ ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ် နဲ့ တပ်ကြပ်ကြီး မြင့်အောင်အပါ ၄ ဦးကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နဲ့ တပ်ခွဲ ၆ ပူးပေါင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။

ပစ်ခတ်ဖမ်းဆီးချိန်မှာ ဗိုလ်မှူးသန်းထွဋ်နဲ့ တပ်ကြပ်ကြီးတို့ ၂ ဦးဟာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး သူတို့နဲ့အတူ ပါလာသူ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကို အရှင်ဖမ်းဆီးရခဲ့ပေမယ့် ခုခံထွက်ပြေးလို့ ပစ်သတ်လိုက်တယ်လို့ ဆိုပါတယ်။

“ရန်ကုန်က ကိုဂျင်မီတို့ ဖြိုးဇေယျာသော်တို့ကို အတွင်းလူ သူလျှိုဝင်ပြီး ဝင်ဖမ်းတာ ဒီကောင်ပဲ။ ငါတို့က ဖြိုးဇေယျာသော်တို့ ဂျင်မီတို့အတွက် ကလဲ့စားချေတယ်ဆိုလည်း ဒီပွဲက မမှားဘူး” လို့ တပ်ရင်း ၃၅၀၁ တပ်ခွဲ ၆ တပ်ခွဲမှူး ဗိုလ်ကြက်သွန်က ပြောပါတယ်။

သေဆုံးသွားသူ ၄ ဦးလုံးဟာ ရန်ကုန် UG အဖွဲ့ဝင်များအဖြစ် အသွင်ယူကာ နည်းအမျိုးမျိုးနဲ့ ဖမ်းဆီးနေတဲ့ ရန်ကုန်တိုင်း ၉-မိုင်ခွဲ ပြည်လမ်း North Point – Ocean စင်တာ အနီးက အမှတ်(၁) စစ်ဘက်​ရေးရာ လုံခြုံ​ရေးအကူ တပ်စစ်ကြောရေးတာဝန်ခံ စရက (၁) တပ်မှူး ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နဲ့ တပ်ကြပ်ကြီး မြင့်အောင်တို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။

သူတို့ ၄ ဦး စီးလာတဲ့ ယာဉ်အမှတ် YGN. 2N 6158 TOYOTA VANGUARD အမဲရောင်ယာဉ်ဟာ ရန်ကုန် – မန္တလေး အမြန်လမ်းကို ထွက်လာပြီလို့ သတင်းရတဲ့အတွက် ကင်းပုန်းဝပ်ကာ စောင့်ဖမ်းခဲ့ကြတာ ဖြစ်ပါတယ်။

သေဆုံးသူတွေဆီက ၉ မမ ပစ္စတို ၂ လက်၊ ကျည် ၁၂ တောင့်၊ ယာဥ်လိုင်စင်နဲ့ စာရွက်စာတမ်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဥ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“ရန်ကုန်မှာ UG တွေ ဖမ်းခံနေရတာ ဒီကောင်တွေကြောင့်။ အခုအဲ့ကောင်တွေ ဖမ်းတာခံရတဲ့သူတွေ၊ ဘယ်လောက်ဖမ်းထားပြီလဲ၊ ဖော်ထုတ်ထားပြီလဲ ဆိုတာ၊ သူ့ထဲက ပါလာတဲ့ စာတိုတခုကို ရထားတယ်။ ရန်ကုန်မှာ ဒါမျိုးတွေ ကြောက်စရာ တအားကောင်းတယ်။ စကစ ဒလံအကြီးစားကောင်တွေက UG ခေါင်းဆောင်တွေ ဖြစ်နေကြတယ်” လို့ ဗိုလ်ကြက်သွန်က ပြောပါတယ်။

စစ်ကြောရေးတာဝန်ခံနဲ့ တပ်ကြပ်ကြီးတို့နဲ့အတူ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသူ ၂ ဦးဟာလည်း UG သူလျှိုတွေဖြစ်ကြပြီး နောက်ထပ်မစ်ရှင်တွေ ဆက်လုပ်စရာရှိသေးတဲ့အတွက် သူတို့ရဲ့ အချက်အလက်ကိုတော့ ထည့်သွင်းဖြေကြားခြင်း မရှိခဲ့ပါဘူး။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။