myaelatt athan

Sharing Information to the Local

ပျူခေါင်းဆောင်တဦး ရှင်းလင်းခံရပြီးနောက် လူငယ် ၃ ဦးဖမ်းဆီး အသတ်ခံရ

0 2
0 2

မန္တလေး၊ ဇန်နဝါရီ ၂၃၊ ၂၀၂၃။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ လွန်တောင်းကျေးရွာက ပျူခေါင်းဆောင်တဦး ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်းမှာ အသတ်ခံလိုက်ရပြီးနောက် စစ်ကောင်စီက ဒေသခံ ၃ ဦးကို ဖမ်းဆီး သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

အသတ်ခံရသူ ပျူခေါင်းဆောင်ဆိုသူက ဦးမြင့်ဝင်း ၅၀ နှစ်ဖြစ်ပြီး၊ သူက တောင်ယာထဲမှာ ရှိနေချိန် မြို့ပြပြောက်ကျားအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ အဖွဲ့ဝင်ရဲဘော်တဦးက ပြောပါတယ်။

“သေနတ် ၂ ချက် ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ သူအသတ်ခံရတဲ့နေ့မှာပဲ စကစတွေက ရွာထဲကို ရောက်လာပြီးတော့ အိမ်ထောင်စုစာရင်းကောက်တယ်။ ပြီးတော့ ကောင်လေး ၂ ယောက်ကို ဖမ်းသွားတယ်။ နောက်ပြီးတော့ တခြားရွာက ကောင်လေးတယောက်ကိုလည်း ဖမ်းသွားတယ်” လို့ ဆိုပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် ၃ ဦးဟာ အသက် ၂၀ အရွယ် ရှိကြပြီး လွန်တောင်းကျေးရွာက ၂ ဦး၊ ကျူံးကျေးရွာက ၁ ဦးတို့ဖြစ်ကာ ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက သူတို့ရဲ့ရုပ်အလောင်းကို လာယူဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားလာခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဒီကလေး ၃ ယောက်က PDF အဖွဲ့ဝင်တွေဗျ။ ဘယ်အဖွဲ့ရဲ့ အဖွဲ့ဝင်ဆိုတာကိုတော့ မသိရဘူး။ စကစက ဒီကောင်လေးတွေကို သတ်ပြီးတော့ ရွာကအုပ်ချုပ်ရေးမှူးကို အလောင်းလာယူဖို့ ဖုန်းဆက်ပြောလာတယ်ဗျ။ မတ္တရာမြို့ထဲကို ဖမ်းခေါ်သွားပြီးတော့ သတ်လိုက်တာ” လို့ ဆိုပါ တယ်။

အခုလို ဖမ်းဆီးအသတ်ခံလိုက်ရသူ ၃ ဦးထဲမှ ကျူံးရွာသားရဲ့အမည်မှာ ဒင်ကြီး ၂၁ နှစ်ဖြစ်ပြီး သူတို့တွေဟာ PDF အဖွဲ့ဝင်တွေ ဟုတ်၊မဟုတ်ကိုတော့ မြေလတ်အသံအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါ။

ဒါ့အပြင် သူတို့ ၃ ဦးကို သတ်ဖြတ်လိုက်တဲ့ စစ်ကောင်စီတပ်သားတွေကတော့ (၉၅) တပ်ရင်းနဲ့ မန္တလေးနန်းတွင်းတပ်ရင်းတွေက ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုကြပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။