myaelatt athan

Sharing Information to the Local

ဆည်ပင်ကျွန်းရွာပျူစောထီးစခန်းကိုသိမ်းပိုက်ပြီး လက်နက်တွေသိမ်းဆည်း

တိုက်ပွဲတွင်းပျူစောထီး ၁ ဦးသေဆုံးကာ ၁၈ ဦးဖမ်းမိ

ရွှေဘို၊ ဇွန် ၁၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆည်ပင်ကျွန်းရွာက ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းခဲ့တယ်လို့ အမှတ်-၉၇၀၆ တပ်ရင်းရဲ့ တပ်ရင်းမှူး ကိုလကျ်ာ ကပြောပါတယ်။

ပျူစောထီးအင်အား ၂၀ ၀န်းကျင်ခန့်ရှိတဲ့ ဆည်ပင်ကျွန်းရွာက ပျူစောထီးအထိုင်စခန်းနဲ့ ကာကင်းတွေကို ဇွန် ၉ ရက် မနက် ၅ နာရီခွဲမှာ စတင်တိုက်ခိုက်ခဲ့ပြီး မနက် ၆ နာရီ ၁၅ မိနစ်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်းမှာ ပျူစောထီး ၁ ဦးသေဆုံးကာ ၁၈ ဦးအရှင်ဖမ်းမိခဲ့ပြီး G3 ၂ လက်၊ ကာဘိုင် ၆ လက်၊ ၁၂ ဗို့ ၂ လက် နဲ့ ဆက်စပ်ပစ္စည်းတွေကိုသိမ်းပိုက်ရရှိခဲ့တယ်လို့ အမှတ်-၉၇၀၆ တပ်ရင်း ရဲ့ တပ်ရင်းမှူး ကိုလကျ်ာ ကပြောပါတယ်။

“အဓိက သူတို့ကာကင်းစခန်းတွေ သေချာအခိုင်အမာလုပ်ထားတဲ့ ဘန်ကာတွေ၊ ဆက်သွယ်ရေးတူး မြောင်းတွေ၊ ခြံတွေ၊အဲ့မှာဆူးငြောင့်ခလုတ်တွေလုပ်ထားတဲ့ဟာတွေ၊ နောက်ပြီး ဒီမှာက Jammer တွေပါရှိတယ်၊ သူတို့ကတော့ ခိုင်ခိုင်မာမာတည်ဆောက်ထားတာ၊ အရင်ကတော့ စကစ ကလည်း ကူထိုင်ပေးတယ် သူတို့ဆီမှာ၊ အခုဟာကတော့ပျူတွေချည်းပဲ၊” လို့ အမှတ်-၉၇၀၆ တပ်ရင်း ရဲ့ တပ်ရင်းမှူး ကိုလကျ်ာ ကပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ ပျူစောထီး ၁၈ ဦးဟာ တရွာထဲနေအမျိုးသမီးငယ်တွေကို အလိုမတူဘဲအဓ္ဓမပြုကျင့်တာ၊ တရွာထဲနေပြည်သူတွေနဲ့ အခြားရွာက ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့သူတွေ ပါဝင်တာကြောင့် လက်ရှိမှာစစ်ဆေးမေးမြန်းနေပြီး တိုက်ပွဲအတွင်းထွက်ပြေးသွားတဲ့ ပျူစောထီးတွေကိုလည်း လိုက်လံရှာဖွေနေတယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ ဆည်ပင်ကျွန်းရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကိုဘေးလွတ်ရာကို ကယ်ထုတ်နိုင်ခဲ့ပြီး စားနပ်ရိက္ခာတွေထောက်ပံ့ပေးထားတယ်လို့လည်း သူကဆက်ပြောပါတယ်။

ဒါ့အပြင်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က Y12 လေယာဥ်နဲ့ ဗုံး ၁၉ လုံးကြဲချပြီး တိုက်ခိုက်တဲ့အပြင် ကျန်ပျူစောထီးကျေးရွာတွေဘက်ကလည်း လက်နက်ကြီးပစ်ကူပေးခဲ့ပေမယ့် တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၂၃၊ ၁၈၊ ၁၅၊ ၂၆၊ ၉၇ဝ၆၊ ၁၇၀၁ တပ်ရင်း နဲ့နယ်မြေ (ပကဖ) အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။