myaelatt athan

Sharing Information to the Local

သာယာဝတီမှာ တပ်ထောက်ခံပွဲမလုပ်ရဲလို့ ပြည်မြို့မှာပြောင်းလုပ်

0
0

ပဲခူး၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်ထဲမှာ တပ်ထောက်ခံပွဲမလုပ်ရဲတဲ့အတွက် ပြည်မြို့ပေါ်က ကြံ့ခိုင်ရေးရုံးထဲမှာ ပြောင်းပြီးလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်ဒီကနေ့မနက်ပိုင်းမှာ သာယာဝတီမြို့နယ်ကြံ့ခိုင်ရေးပါတီကပြုလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ကို ဆန့်ကျင်ရှုံ့ချကြောင်းပွဲကို သာယာဝတီမှာမလုပ်ရဲတဲ့အတွက် ပြည်မြို့၊ ကြံခိုင်ရေးရုံးထဲမှာပြောင်းလဲပြုလုပ်ခဲ့တာလို့ သာယာဝတီမြို့နယ်ကြံခိုင်ရေးပါတီနဲ့ နီးစပ်သူကတဦးကပြောပါတယ်။

“အမှန်ဆို ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရှုံချပွဲကို မြို့နယ်အလိုက်လုပ်ခိုင်းတာ။ သာယာဝတီက PDF ရန်ကြောက်လို့ ပြည်မှာပြောင်းလုပ်ရတာလို့ သိရတယ်”လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သာယာဝတီဂဠုန်တပ်ဖွဲ့ ပေါ်ပေါက်လာပြီးချိန်မှစတင်ပြီး စစ်ကောင်စီသတင်းပေး၊ ဒလန်ဆိုသူတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ရှင်းလင်းခံလာရချိန်မှာ သာယာဝတီမြို့နယ်ထဲမှာ စစ်တပ်ထောက်ခံပွဲတွေ လုပ်ရဲသူမရှိသလောက်ဖြစ်လာတယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ မြေပြင်စစ်ရေးတာဝန်ခံ ကိုဥက္ကာကပြောပါတယ်။

“သာယာဝတီဂဠုန်တပ်ဖွဲ့မပေါ်ချိန်ကတော့ ကြံခိုင်ရေးနဲ့စကစထောက်ခံသူတွေက တော်တော်လေး လေကျယ်ကျယ်နဲ့ မြို့ပေါ်မှာတောင် တပ်ထောက်ခံပွဲတွေလုပ်ခဲ့ကြတယ်။ ဘယ်သူမှဂရုမစိုက်ဘဲလုပ်ခဲ့တယ်။ ဂဠုန်တပ်ဖွဲ့ ပေါ်လာပြီးချိန်မှာ သူတို့ရဲ့အုပ်ချုပ်ရေးယန္တယားအဖွဲ့ဝင်တွေ ရှင်းခံလာရတော့ အဲဒီအချိန်ကစပြီး ကျီးလန့်စာ စားဖြစ်နေရတယ်။ ဘယ်အချိန် အသတ်ခံရမလဲဆိုပြီးတော့။ ကျနော်တို့ဘက်ကလဲ သူတို့ လမ်းပေါ်တက်လာတာနဲ့ ဘယ်သူဘယ်ဝါသိတာနဲ့ စကစ ဒေါက်တိုင်တွေကို ရှင်းနေမှာပဲ”လို့ ပြောပါတယ်။

သာယာဝတီဂဠုန်တပ်ဖွဲ့အနေနဲ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှစတင်ပြီး ဒီဇင်ဘာလ ၂၈ ရက်အထိ သာယာဝတီမြို့နယ်အတွင်းက အုပ်ချုပ်ရေးအဖွဲ့ဝင်၊ ပျူ၊ သတင်းပေးဒလန်ဆိုသူ စုစုပေါင်း ၁၃ ဦးထိ ရှင်းလင်းထားတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။