ကလေးတောင်ပိုင်းက တော်လှန်ရေးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရ

0 1
0 1

ကလေး၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅။

တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ကလေးမြို့နယ်တောင်ပိုင်းက ဆေးရုံ ၁ ခုကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ People’s Healthcare Network (Kalay) က သတင်းထုတ်ပြန်ပါတယ်။

Golden Valley Revolution Hospital – ရွှေတောင်ကြားတော်လှန်ရေးဆေးရုံကို နံနက် ၁၀ နာရီခွဲမှာ တိုက်ခိုက်ခံရတာဖြစ်ပြီး People’s Healthcare Network (Kalay) ရဲ့ ကျန်းမာရေးစေတနာ့ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်ရပ်အသေးစိတ်ကိုတော့ မြေလတ်အသံက စုံစမ်းနေဆဲဖြစ်ပါတယ်။

ကလေးမြို့နယ်က CDM ကျန်းမာရေးဝန်ထမ်းတွေက People’s Healthcare Network – Kalay ကို ၂၀၂၂ နှစ်စပိုင်းမှာ ထူထောင်ပြီး မြို့နယ်တောင်ပိုင်းမှာ ၁၂ ကုတင်ဆံ့ ဆေးရုံ ၁ ခု၊ မြောက်ပိုင်းမှာ ဆေးရုံ ၁ ခုနဲ့ ကျန်းမာရေးစင်တာ ၆ ခုဖွင့်ကာ ဒေသခံတွေကို ဆေးကုသမှုပေးနေတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

၂၀၂၃ နိုဝင်ဘာ ၉ ရက်မှာလည်း ကလေးမြို့နယ်တောင်ပိုင်းက မြောက်စည်းရွာတိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးလက်ဆေးခန်းတခုလုံး ပျက်စီးသွားခဲ့ပါတယ်။

စစ်ရေးနဲ့မဆိုင်တဲ့ကဏ္ဍတွေ အကြမ်းဖက်တိုက်ခိုက်ခံရမှုကို စောင့်ကြည့်စာရင်းပြုစုနေတဲ့ Insecurity Insight ဝက်ဘက်ဆိုဒ်ပါ အချက်အလက်တွေအရ ၂၀၂၁ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီနေ့အထိ နိုင်ငံအနှံ့က ကျန်းမာရေးအဆောက်အအုံတွေ ၃၅၅ ကြိမ် တိုက်ခိုက်ခံရပြီး အသတ်ခံရတဲ့ ကျန်းမာရေးလုပ်သား ၁၃၅ ယောက်ရှိပါတယ်။

၂၀၂၃ ကစလို့ စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေအတွင်း ကျန်းမာရေးကဏ္ဍထိခိုက်ခံရမှု သိသိသာသာများလာတယ်လို့ Insecurity Insight ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

ကျန်းမာရေးကဏ္ဍတိုက်ခိုက်ခံရမှုအကြိမ်ရေ စုစုပေါင်းမှာ ၁,၅၈၄ ကြိမ်ရှိပြီး အကြိမ်ရေ ၁,၁၀၉ ကို စစ်ကောင်စီတပ်နဲ့ ရဲက ကျူးလွန်ခဲ့တယ်လို့ အဆိုပါ ဝက်ဘက်ဆိုဒ်ရဲ့ စာရင်းမှာ တွေ့ရပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။