myaelatt athan

Sharing Information to the Local

ခင်ဦးမှာ နေအိမ်ကို လက်နက်ကြီးကျလို့ ၅ ဦး ဒဏ်ရာရပြီး ၁ ဦး ဒဏ်ရာပြင်းထန်

0
0

စစ်ကိုင်း၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရေးကုန်းရွာနဲ့ ဝါးရုံကုန်းရွာကို စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၅ ဦး ဒဏ်ရာရရှိသွားပြီး အဲဒီထဲက ၁ ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိခဲ့သူတွေကတော့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ရေးကုန်းကျေးရွာက အမျိုးသား ၁ ဦးနဲ့ ၂၈ ရက်နေ့မှာ ဝါးရုံကုန်းကျေးရွာက အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦးတို့ ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒဏ်ရာရသူတွေရဲ့နာမည်တွေကိုတော့ လုံခြုံရေးအရပြောလို့ မရဘူးဗျ။ ငါးယောက်ဒဏ်ရာရတဲ့အထဲမှာ ဝါးရုံကုန်းရွာက အမျိုးသားတယောက်ကတော့ ဒဏ်ရာတော်တော်လေးပြင်းပါတယ်။ သူ့ရဲ့ခန္ဓာတကိုယ်လုံးမှာ ကျည်စတွေဝင်သွားတာ။ ကျန်တဲ့လေးယောက်ကိုတော့ ကျည်စတွေက အနည်းငယ်ပဲထိမှန်ခဲ့တာ။ အခုတော့ အကုန်လုံးဆေးကုသမှု ခံယူနေရတုန်းပါ” လို့ ဆိုပါတယ်။

ရွှေဘိုမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့လေ့ကျင့်ရေးစခန်းအမှတ် (၈) ကနေ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးတွေပစ်ခတ်ခဲ့တာကြောင့် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ရေးကုန်းရွာကို ကျည်တလုံးကျရောက်ခဲ့ကာ အမျိုးသားတဦး ဒဏ်ရာရရှိခဲ့သလို ၂၈ ရက်နေ့မှာလည်း ဝါးရုံကုန်းရွာကို ကျည်တလုံးထပ်မံကျရောက်ခဲ့လို့ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦးတို့ အသီးသီးဒဏ် ရာရရှိသွားခဲ့ကြတာ ဖြစ်ပါတယ်။

“လက်နက်ကြီးကျည်တွေက နေအိမ်ပေါ်ကို တိုက်ရိုက်လာကျတာဗျ။ ညနေပိုင်းလောက်မှာ ဒေသခံတွေက အိမ်ပေါ်မှာထိုင်လို့ စကားပြောနေကြတဲ့အချိန်မှာ လာကျတာ။ ၂၉ ရက်မနေ့ကဆိုရင်လည်း တန်ဘိုရွာကို တလုံးကျခဲ့သေးတယ်။ ဒါပေမယ့် လူတွေတယောက်မှ ဒဏ်ရာမရရှိခဲ့ကြဘူး” လို့ ဆိုပါတယ်။

ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုမရှိတာ ဒီနေ့အချိန်ထိဆိုရင် တလနီးပါးရှိနေပြီဖြစ်ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်တာကြောင့် ဒေသခံတွေအခုလို ဒဏ်ရာရရှိခဲ့ကြတာဖြစ်ပါတယ်။

ခင်ဦးမြို့နယ်မှာ အခု(၂၀၂၂) ခုနှစ်နိုဝင်ဘာ – ၁၅ရက်နေ့ကနေ နိုဝင်ဘာ၂၇ ရက်နေ့အထိ စစ်ကောင်စီရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတဲ့ ဒေသခံပြည်သူ ၁၃ ဦးရှိခဲ့ပြီး ကျေးရွာပေါင်း ၁၂ ရွာက နေအိမ်ပေါင်း ၇၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။