ကြက်သွန်ခင်းမှာ မိုင်းပေါက်ကွဲလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

0 2
0 2

မကွေး၊ ဒီဇင်ဘာ ၂၈၊ ၂၀၂၂။

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကျူတောကျေးရွာ၊ ယောချောင်းဘေးအနီးက ကြက်သွန်စိုက်ခင်းအတွင်း မိုင်းပေါက်ကွဲလို့ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်မနေ့ကမနက် ၈ နာရီဝန်းကျင်မှာ တောင်သူဦးတင်အေးပိုင်ဆိုင်တဲ့ ကြက်သွန်စိုက်ခင်းအတွင်း ကြက်သွန်နုတ်ဖို့လာကြတဲ့ နေ့စား အမျိုးသမီးတွေ စိုက်ခင်းထဲအရောက်မှာ ဘယ်အဖွဲ့ကထောင်ထားမှန်းမသိတဲ့ မိုင်းပေါက်ကွဲခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။

“ဦးတင်အေးက စကစ နဲ့ပဏာစားတဲ့သူ။ ရွာမှာကို မနေတာ။ ဘယ်ရောက်နေလဲ မသိဘူး။ စီးပွားရေးကတော့ သူ့သားသမီးတွေက လုပ်ပေးတာ။ ခုမိုင်းပေါက်ကွဲလို့ ထိတဲ့သူတွေက နေ့စားအငှားလိုက်တဲ့သူတွေလို့တော့ သိရတယ်။ ဘယ်အဖွဲ့က ဘာရည်ရွယ်ချက်နဲ့ ဘယ်သူကို လုပ်လဲဆိုတာတော့မသိရဘူး”လို့ ပြောပါတယ်။

မိုင်းပေါက်ကွဲလို့ ကျူတောကျေးရွာသူ အသက် ၃၅ နှစ်အရွယ်မမူမူဌေး မှာ မိုင်းထိမှန်ဒဏ်ရာတွေနဲ့ နေရာမှာတင် သေဆုံးသွားခဲ့ပြီး၊ ဒေါ်သီတာခိုင်၊ ဒေါ်အေးစန်း၊ မဇင်မာနွယ်၊ ဒေါ်မူမူဝင်းနဲ့ ဒေါ်မာမာလွင်တို့မှာ မိုင်းစထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းထိမှန်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူကိုတော့ ဒေသလူမှုကူညီရေးအသင်းကားတွေနဲ့တင်ပြီး ပေါက်ဆေးရုံနဲ့ ပခုက္ကူဆေးရုံကို ပို့ထားရတယ်လို့ သိရပါတယ်။

ဒီမိုင်းပေါက်ကွဲတာနဲ့ပတ်သက်ပြီး PDF တွေကို နာမည်ဖျက်ဖို့ ပျူစောထီးအဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်နိုင်တယ်လို့ ပြောဆိုမှုတွေရှိနေပေမယ့် ဘယ်အဖွဲ့အစည်းကအမှန်တကယ်လုပ်တာလဲကိုတော့ မြေလတ်အသံက အတည်မပြုနိုင်သေးပါဘူး။

ပေါက်မြို့နယ်၊ ကျူတောကျေးရွာဘက်မှာတော့ အခုလို မိုင်းပေါက်ကွဲတာကြောင့် ဒေသခံတွေထိခိုက်သေဆုံးတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။