myaelatt athan

Sharing Information to the Local

ဖမ်းဆီးခံပြည်သူ ၁၅ ဦးပြန်လွှတ်လာပေမယ့် စစ်သင်တန်းဆင်း ၃ ဦးကိုတော့ စစ်အုပ်စုကပြန်မလွှတ်သေး

0
0

မန္တလေး၊ ဒီဇင်ဘာ ၂၈၊ ၂၀၂၂။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပိုဝမြောက်ရွာနဲ့ စိန်ပန်းကုန်းရွာကဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံ ၁၈ ဦးထဲက ၁၅ ဦးကို ဒီဇင်ဘာလ ၂၈ ရက်ဒီမနက်မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် အဲဒီထဲက စစ်သင်တန်းဆင်းထားသူ ၃ ဦးကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ပြန်မလွှတ်ခဲ့သူ ၃ ဦးကတော့ အသက် ၂၃ နှစ်အရွယ် ကိုနိုင်းနိုင်း(ခ)နိုင်းထက်ကျော်၊ ကိုပြည့်ပြည့်ကျော်နဲ့ အသက် ၂၉ နှစ်အရွယ် ကိုအောင်မျိုးနိုင်တို့ဖြစ်ကြပြီး၊ သူတို့ကို စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းနဲ့အတူ မတ္တရာမြို့ဘက်ကို ခေါ်သွားတယ်လို့ နွေဦးတော် လှန်ရေး – မတ္တရာမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အဲဒီသုံးယောက်က နယ်စည်းမခြားတပ်ရင်း ၁၈ ကနေ သင်တန်းဆင်းပြီး ပကဖဖွဲ့ဖို့ ရွာတွေပြန်ဆင်းလာတဲ့လူငယ်တွေပါ။ သူတို့နဲ့တူတူ ဖမ်းခံထားရတဲ့ပြည်သူတွေကိုတော့ ပြန်လွှတ်ပေးခဲ့တယ်။ စကစတွေက အဲဒီလူငယ်သုံးယောက်ကို ကြိုးတုတ်ပြီးတော့ ပိုဝရွာကနေ မတ္တရာဘက်ကို ထွက်သွားကြတယ်” လို့ ဆိုပါတယ်။

အခုပြန်လွှတ်ခဲ့တဲ့ပြည်သူ ၁၅ ဦးနဲ့ စစ်သင်တန်းဆင်း ၃ ဦးတို့ကို စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာလ ၂၆ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ သူတို့ကတော့ စိန်ပန်းကုန်းရွာက ၄ ဦးနဲ့ ပိုဝမြောက်ရွာက ၁၄ ဦးတို့ဖြစ်ကြပါတယ်။

“စကစတွေက သူတို့အကုန်လုံးကိုဖမ်းပြီးတော့ ပိုဝမြောက်ရွာက ကျော်မျိုးဝင်းဆိုတဲ့ သူရဲ့နေအိမ်ထဲမှာ သော့ခတ်ပြီးပိတ်ထားတာ။ သူတို့မလွှတ်လာခင် မနေ့ကအဲဒီရွာအနားမှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်တာ ဖြစ်ခဲ့သေးတယ်။ ကြာကြာတော့ မဟုတ်ဘူး။ အဲဒီပစ်ခတ်နေတဲ့အချိန်မှာ ကျော်မျိုးဝင်းဆိုသူက ပထဆုံးထွက်ပြေးလွတ်မြောက်လာခဲ့တယ်။ ဒီမနက်ရောက်တော့ ကျန်တဲ့သူတွေကို ပြန်လွှတ်ပေးခဲ့ပြီးတော့ သင်တန်းဆင်းသုံးယောက်ကို ကြိုးတုတ်ပြီး ရွာကနေ ထွက်သွားကြတာ”လို့ အထက်ပါ တာဝန်ရှိသူက ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၄ ရက်မှာလည်းစစ်ကောင်စီတပ်တွေက စိန်ပန်းကုန်းရွာကို မီးရှို့ပြီး ဒေသခံ ၄ ဦးကို ဖမ်းဆီးသွားခဲ့ရာ အဲဒီထဲက ၁ ဦးရဲ့ရုပ်အလောင်းကိုတော့ ဒီဇင်ဘာလ ၂၇ ရက်မနေ့ကမနက်ပိုင်းမှာ တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်တွေအနေနဲ့ ခုလိုကျေးရွာတွေကိုမီးရှို့ပြီး ဒေသခံတွေကို ဖမ်းဆီးနေတာဟာ ဒီဇင်ဘာလ ၂၃ ရက်က စိန်ပန်းကုန်းကျေးရွာအနီးမှာ စစ်ကောင်စီရဲ့မော်တော်ဘုတ်တစင်း ဒရုန်းနဲ့တိုက်ခိုက်ခံလိုက်ရတာကို အခဲမကြေတဲ့အတွက် လုပ်ဆောင်နေတာဖြစ်နိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။