myaelatt athan

Sharing Information to the Local

သရက်မှာ မိုင်းခွဲအသံပေးပြီး ရောက်လာတဲ့စစ်အုပ်စုကို မိုင်းထပ်ဆွဲ

0
0

မကွေး၊ ဒီဇင်ဘာ ၂၈၊ ၂၀၂၂။

မကွေးတိုင်း၊ သရက်မြို့မှာ ဒီဇင်ဘာလ ၂၇ ရက်မနေ့ညပိုင်းမှာ တော်လှန်ရေးဘန်နာစာတန်း ချိတ်ဆွဲကာ မိုင်းဖောက်ခွဲပြီးနောက် လာစစ်တဲ့စစ်ကောင်စီတပ်သားတွေကိုပါ အဝေးထိန်းမိုင်းနဲ့ ထပ်မံဖောက်ခွဲခဲ့တယ်လို့ သရက် – ကံမ – မင်းတုန်းပူးပေါင်း ပကဖ (Eagle Force)အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သရက်မြို့၊ တောင်မင်းတည်းရပ်ကွက်၊ သရက် – ကံမ – မင်းတုန်း ကားလမ်းမဘေးမှာ “စစ်ခွေး နိဂုံး ၂၀၂၃” စာသားပါ တော်လှန်ရေးဘန်နာကို မနေ့ည ၉ နာရီလောက်မှာ ချိတ်ဆွဲအပြီး စစ်ကောင်စီအဖွဲ့တွေလာအောင် အဝေးထိန်းမိုင်း ၁ လုံးနဲ့ အရင်ဆုံးအသံပေးဖောက်ခွဲခဲ့တာလို့ Eagle Force အဖွဲ့မှ သတင်းတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

“ကားလမ်းဘေးမှာ ဘန်နာချိတ်ပြီး မိုင်းနှစ်လုံးဆင်ထားတာ။ ဘန်နာလာဖြုတ်ရင် ခွဲဖို့ပေါ့။ နာရီဝက်လောက်ထိ သူတို့မလာသေးတာနဲ့ မိုင်းတလုံးကို အသံပေးခွဲလိုက်တယ်။ ခွဲပြီး ၁၅ မိနစ်အကြာမှာ ဆိုင်ကယ် ၃ စီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရောက်လာပြီး သေနတ်တွေနဲ့ ရမ်းပစ်နေချိန်မှာ နောက်တလုံးကို ထပ်ခွဲလိုက်တာပါ။ သူတို့ဘက်က ပြန်ကြားရတာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုမရှိဘူးလို့ ကြားတယ်” လို့ ဆိုပါတယ်။

ဖောက်ခွဲမှုအပြီး စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ ဘေးပတ်ဝန်းကျင်ကို အချက်ရေ ၃၀ လောက် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အခုမနက်ပိုင်းမှာလည်း မြို့ပေါ်ကို လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၅ ရက်ကလည်း သူတို့အဖွဲ့ဟာ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ လက်ပွကျေးရွာနေ စစ်ကောင်စီသတင်းပေးလို့နာမည်ကြီးသူ ကိုစိုးငြိမ်းကို ရှင်းလင်းခဲ့ပြီး လာစစ်တဲ့စစ်သားနဲ့ရဲတွေကိုပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။