ဗန်းမောက်၊ ဇွန် ၁၁၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မြောက်ဘက်ပိုင်းနဲ့ ကချင်ပြည်နယ်အစပ်တနေရာမှာ ဇွန် ၉ ရက်မနက် ၅ နာရီကျော်မှာ တိုက်ပွဲဖြစ်ပြီး SNA တပ်ဖွဲ့ဝင်အလောင်း ၁ လောင်း၊ သေနတ် ၂ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
အင်အား ၂၀၀ ခန့်ရှိတဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ KIA၊ PDF၊ မိုင်းတုံတပ်ရင်း၊ ဗန်းမောက်မြို့နယ်ပကဖ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဘူးတောင်းနဲ့ လေသာကုန်းကျေးရွာ အကြားမှာ ၃ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
“သိမ်းဆည်းရရှိတဲ့သေနတ် ၂ လက်မှာ ၁ လက်ကတော့ပြန်အသုံးပြုပြီးမှ နောက် ၁ လက်ကို ပြန်ပြင်နေတယ်”လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် SNA တပ်တွေဟာ ဗန်းမောက်မြို့နယ်အနောက်ပိုင်းရှိ ၎င်းတို့အခြေစိုက်ရာနေရာဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ကြတယ်လို့ သူကဆိုပါတယ်။
အဆိုပါ SNA စစ်ကြောင်းဟာ ပြီးခဲ့တဲ့ဇွန် ၂ ရက်ကစတင်ကာ လေသာကုန်း၊ ဘူးတောင်း၊ ခေါင်းတုန်းစတဲ့ကျေးရွာ ၃ ရွာကို စစ်ကြောင်ထိုးဝင်ရောက်လာပြီးနောက် စေတနာ့ဝန်ထမ်း ကျောင်းဆရာ ၃ ဦးအပါအဝင် ဒေသခံ ၄၀ ဦးခန့်ကို ဖမ်းဆီးခဲ့ပါတယ်။
အဲ့ဒီဖမ်းဆီးခံထားရသူတွေကို SNA စစ်ကြောင်းက ပြန်မလွှတ်ပေးခဲ့ဘဲ တိုက်ပွဲဖြစ်ပြီးနောက် တပ်ဆုတ်သွားချိန် ၎င်းတို့စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့မေ ၇ ရက်ကလည်း ဗန်းမောက်မြို့နယ်၊ စက်တောကုန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ SNA တပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်နဲ့ People’s Defence Force Katha Disyrict B-04တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ SNA တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၁ ဦးကိုအရှင်ဖမ်း ဆီးရရှိခဲ့တယ်လို့သိရပါတယ်။
စာတည်း – လင်း