myaelatt athan

Sharing Information to the Local

ဖမ်းမိတဲ့ ဒုရဲတပ်ကြပ်တဦး ခုခံထွက်ပြေးလို့ သေနတ်နဲ့ပစ်သတ်ခံရ

0
0

မန္တလေး၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၂။

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တနေရာမှာ ဒီဇင်ဘာလ ၂၂ ရက်မနေ့ကနေ့လည်ပိုင်းမှာ စစ်ကောင်စီဘက်မှ ဒုရဲတပ်ကြပ်တဦးကို ဖမ်းဆီးမိပြီးနောက် ခုခံထွက်ပြေးတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်သားတွေက သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ်၊ တကောင်းနီကယ်စက်ရုံမှာ လုံခြုံရေးတာဝန်ကျထမ်းဆောင်နေတဲ့ ဒုရဲတပ်ကြပ် ဆန်းမင်းဇော်ကို မနေ့ကမနက် ၁၀ နာရီ ၄၅ မိနစ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ ဖမ်းဆီးထားချိန်မှာ ခုခံထွက်ပြေးတာကြောင့် ခုလိုရှင်းလင်းခဲ့တာလို့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်မျက်ပြူးက ပြောပါတယ်။

“တကောင်းနီကယ်စက်ရုံမှာ လုံခြုံရေးတာဝန်ကျပြီး ခွင့်နဲ့သူမိသားစုဆီပြန်တာ။ အဲဒါကို ကျနော်တို့အဖွဲ့ကသိပြီး သပိတ်ကျင်းမြို့တနေရာမှာ ဖမ်းဆီးခဲ့တာ။ ဖမ်းဆီးခေါ်လာပြီး စစ်ဆေးနေချိန်ခုခံပြီးထွက်ပြေးလို့ သေနတ်နဲ့ပစ်ရှင်းခဲ့တယ်။ ဝဲဘက်ရင်အုံ ၁ ချက်၊ လက်ပြင် ၁ ချက်မှန်ပြီးသေတယ်။ အလောင်းကိုတော့ ကျနော်တို့မြေမြှုပ်ပေးလိုက်တယ်” လို့ ပြောပါတယ်။

မိဘဆီကိုပြန်တာဖြစ်တဲ့အတွက် သူ့မှာ ဘာလက်နက်ခဲယမ်းမှ မပါလာခဲ့ဘူးလို့လည်း ဆိုထားပြီး၊ ဘယ်နေရာမှာ ပစ်ခတ်ရှင်းလင်းခဲ့တာလည်းဆိုတာကိုတော့ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပါဘူး။

ဒီဇင်ဘာလ ၁၄ ရက်ကလည်း သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီအထိုင်ချတပ်စွဲထားတဲ့ နေရာတခုကို TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က တာဝေးပစ်လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။