နတ်မောက်မှာ စစ်ကောင်စီလက်အောက် ကျောင်းအုပ်ဆရာမတဦး ကျောင်းဝန်းအတွင်း ပစ်သတ်ခံရ

◼ တပတ်အတွင်း နတ်မောက်က ကျောင်းဆရာမ ၂ ဦးအသတ်ခံထားရ

နတ်မောက်၊ ဇွန် ၈၊ ၂၀၂၅။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကူနီကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ နတ်မောက်ဂဠုန် PDF အဖွဲ့တာဝန်ခံထံက သိရပါတယ်။

အသတ်ခံရသူမှာ စစ်ကောင်စီလက်အောက်ကူနီရွာမူလွန်ကျောင်းအုပ်ဆရာမ အသက် ၄၆ နှစ်အရွယ်ရှိ ဒေါ်ရီရီထွေး ဖြစ်ပြီး မူလွန်ကျောင်းဝန်းအတွင်းရှိနေစဉ် ဇွန် ၆ ရက် ညနေ ၅ နာရီခန့်မှာ သေနတ်သမားတွေက ကျောင်းဝန်းအတွင်းအထိ ဝင်ရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

” ကျောင်းအုပ်ဆရာမကြီးက စကစနဲ့ပေါင်းပြီး ဒလန်သူလျှိုလုပ်တယ်လို့တော့ကြားထားတယ်။ ပညာရေးက အကြီးပိုင်းကျောင်းအုပ်တွေကို လုပ်ပိုင်ခွင့်တွေပေးထားတယ် ကြားတယ်။ သူကဆို စကစခိုင်းတာ လိုလိုလားလားလုပ်ပေးနေသူဖြစ်တယ်။ သူ့ကိုတော့ ကျောင်းထဲမှာပဲရှင်းခံရတယ်လို့ ကြားသိထားရတယ်” လို့ နတ်မောက်ဂဠုန် PDF အဖွဲ့တာဝန်ခံ ဗိုလ်အောင်ဒင်က မြေလတ်အသံကို ပြောပါတယ်။

အဆိုပါ ကျောင်းအုပ်ဆရာမကို ဘယ်လက်နက်ကိုင်အဖွဲ့က ဘာကြောင့်သတ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့ သူ့အနေနဲ့ မသိရသေးဘူးလို့ ၎င်းကဆက်ပြောပါတယ်။

သေနတ်နဲ့အနီးကပ်ပစ်ခံရတာကြောင့် ကျောင်းအုပ်ဆရာမ ဒေါ်ရီရီထွေးမှာ ဦးခေါင်းကျည်ထိဒဏ်ရာနဲ့ နေရာမှာပဲသေဆုံးသွားတယ်လို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဒေသတွင်းအဖွဲ့အစည်းတွေဘက်က ဇွန် ၈ ရက် ဒီကနေ့အထိ တစုံတရာသတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

စစ်ကောင်စီထောက်ခံတဲ့တယ်လီဂရမ်တွေမှာတော့ ကျောင်းအုပ်ဆရာမကြီးဟာ ကျောင်းဝန်းအတွင်းရှိနေချိန် PDF တွေက ဆိုင်ကယ် ၃ စီးနဲ့ရောက်လာပြီး CDM မပြုလုပ်လို့ဆိုကာ သေနတ်နဲ့ပစ်၊ ဓားနဲ့ခုတ်သတ်ခဲ့လို့ နေရာမှာပင်သေဆုံးသွားတယ်လို့ စွပ်စွဲရေးသားဖော်ပြထားကြပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကလည်း နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာအထက်တန်းကျောင်း(ခွဲ)က စစ်ကောင်စီလက်အောက် အလယ်တန်းပြကျောင်းဆရာမနဲ့ ၎င်း ရဲ့ခင်ပွန်းဖြစ်သူအမျိုးသားတို့ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့လို့ ဇွန်လပထမအပတ်အတွင်းမှာ နတ်မောက်က စစ်ကောင်စီပညာရေးဝန်ထမ်း ၂ ဦး အ သတ်ခံခဲ့ရတာပါ။

ဝက်ချုပ်ရွာက အလယ်တန်းပြကျောင်းဆရာမနဲ့ခင်ပွန်းဖြစ်သူကိုတော့ ဇွန်လ ၁ ရက်မှာ ၎င်းတို့နေအိမ်မှာရှိနေချိန် သေနတ်သမားတွေက လာရောက်ဖမ်းဆီးသွားပြီးနောက် နတ်မောက်-ရေနံချောင်းကားလမ်းဘေးမှာ သေနတ်ပစ်သတ်ခဲ့လို့ ၂ ဦးစလုံးသေဆုံးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။