ဗန်းမောက်မှာ SNA က စစ်ကြောင်းထိုးပြီး ကျောင်းဆရာတွေအပါ ဒေသခံအမျိုးသား ၄၀ နီးပါးကို ပေါ်တာဆွဲဖမ်းဆီးထား

ဗန်းမောက်၊ ဇွန် ၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်က ကျေးရွာတွေကို ရှမ်းနီအမျိုးသားတပ်-SNAက အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးပြီး လူသစ်စုဖို့ အမျိုးသားတွေကို ပေါ်တာဆွဲဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ SNA စစ်ကြောင်းဟာ ၆၁၄ တပ်မဟာကနေ ဇွန် ၂ ရက်မှာ စတင်ထွက်ခွာခဲ့ပြီးနောက် ဇွန် ၈ ရက် ဒီကနေ့အထိ ဗန်းမောက်မြို့နယ်မြောက်ဘက်ရှိ ဘူးတောင်း၊ ခေါင်းတုန်း၊ လေသာကုန်း စတဲ့ကျေးရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးကာ စေတနာ့ဝန်ထမ်းကျောင်းဆရာ ၃ ဦးအပါ အမျိုးသား ၄၀ နီးပါးကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

” ဖမ်းဆီးခံထားရတဲ့ ဆရာ ၃ ဦးကတော့ ရွာကနေလို့ စေတနာ့ဝန်ထမ်း၊ အကူသဘောမျိုးနဲ့ စာသင်နေတဲ့ကျောင်းဆရာတွေပါ။ နောက်ထပ်အဖမ်းခံရသူတွေက အဲဒီရွာ ၃ ရွာကနေလို့ လူပေါင်း ၄၀ ဝန်းကျင်လောက်ရှိနေပြီ။ အသက် ၆၀ ကျော် ဘိုးတော်တွေပါမကျန် အဆွဲခံရတာ။ ဖမ်းတဲ့သူတွေကိုက လူသစ်စုဆောင်းတာ။ စစ်သင်တန်းပေးဖို့အတွက်ဖမ်းတာ။” လို့ ဗန်းမောက်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

လက်ရှိ SNA တွေ ဝင်ရောက်ဖမ်းဆီးနေတဲ့နေရာတွေဟာ ဗန်းမောက်မြို့နယ်မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ကျေးရွာတွေဖြစ်ပြီး ဒေသခံတွေက စစ် ကြောင်းဝင်ရောက်တဲ့ ဇွန် ၂ ရက်ကစတင် ကာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

လက်ရှိမှာ SNA စစ်ကြောင်းဟာ အထက်ပါကျေးရွာ ၃ရွာမှာပဲ ဖြန့်ခွဲတပ်စွဲထားပြီး အဆိုပါစစ်ကြောင်း သွားလာလှုပ်ရှားတဲ့နေရာတွေကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီး၊ ဒရုန်းတွေနဲ့ လိုက်လံတိုက်ခိုက်တာတွေရှိပေမယ့် ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုးမရှိသေးဘူးလို့ ၎င်းက ဆိုပါတယ်။

SNA တပ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ မော်လိုက်ခရိုင်တွေမှာ အဓိကစစ်ရေးလှုပ်ရှားပြီး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကာ ၎င်းတို့ထိန်းချုပ်ရာဒေသတွေမှာ အဓမ္မလူသစ်စုဆောင်းမှုတွေ လုပ်ဆောင်နေတာပါ။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ဒီဇင်ဘာလအတွင်းမှာလည်း ဗန်းမောက်မြို့ပေါ် ရပ်ကွက် ၁ ခုစီကနေ အမျိုးသား ၃၀ ဦး လူသစ်ပေးပို့ရမယ်လို့ SNA ရှမ်းနီတပ်က အမိန့်ထုတ်ပြန်ခဲ့တာကြောင့် မြို့ခံအမျိုးသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။