myaelatt athan

Sharing Information to the Local

ကော့ကရိတ်မှာတိုက်ပွဲဖြစ်လို့ ရွာချင်းဆက်တံတားတစင်းပျက်စီးခဲ့

0
0

မြေလတ်အသံ၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၂။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာစစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ ကော့နွဲ့မြို့ဟောင်းရွာသစ်ကုန်းနဲ့ ရန်ကုတ်ရွာအနီးမှာ ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့တဲ့အတွက် အဲ့ဒီနေရာအနီးရှိ ရွာချင်းဆက်တံတားတစင်း ပျက်ဆီးသွားတယ်လို့သိရပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်ဒီမနက် ၄ နာရီလောက်မှာ စစ်ကောင်စီတပ်ကလေယာဉ် ၂ စီးနဲ့ ကော့ကရိတ်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာရှိတဲ့ကျေးရွာတွေဘက်ကို လာရောက်ပစ်ခတ်ခဲ့တဲ့အပြင် ၉၇ တပ်ရင်း၊ ချောင်းတောင်နှစ်သစ်ကူးဒုံးကွင်း၊ လှိုင်ဝအမြှောက်ကုန်းတို့ကနေ လက်နက်ကြီးတွေနဲ့ အဲဒီကျေးရွာတွေဘက်ကို အဆက်မပြတ် ပစ်ခတ်ခဲ့ပါတယ်။

ဒီမနက် ၁၀ နာရီအထိလက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တဲ့အပြင် မနေ့ကညပိုင်းကတည်းက လေယာဉ်တွေနဲ့ဗုံးကျဲခဲ့တာကြောင့် တံတားဦးကျေးရွာနဲ့ ရန်ကုတ်ကျေးရွာကိုဆက်သွယ်ထားတဲ့ နနွင်းဂုန်းတံတားတစင်းပျက်ဆီးသွားခဲ့တာလို့ ဆိုပါတယ်။

“တိုက်ပွဲက ကော့နွဲဘက်နဲ့တတန်ကူး နေရာတော်တော်များများဖြစ်တယ်။ ညကလည်း တညလုံးနီးပါး လက်နက်ကြီးတွေပစ်နေတယ်။ ဒီမနက်တော့ တစ်ချက်စ နှစ်ချက်စ အလုံးကြီးသံတော့ကြားနေရတယ်။ မြို့ထဲနေရာတချို့နဲ့ မြို့အဝင်ဂိတ်တွေတော့စစ်သားတွေရှိတယ်။ အခြေအနေကတော့ ဘာဆက်ဖြစ်မယ်မှန်းတော့အတိအကျမသိသေးဘူး” လို့ ကော့ကရိတ်ဒေသခံတဦးက ပြောပါတယ်။

လက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ရှိနေသေးတယ်လို့လည်း သိရပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်ကလည်း ကော့ကရိတ်မြို့နယ်၊ တံတားကျိုးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာကြောင့် ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ကားအရေအတွက် ၂၀၀ နည်းပါး ပိတ်ဆို့ခဲ့တယ်လို့လည်း ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။