စစ်ကိုင်း၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာ – မန္တလေးလမ်းမကြီးတနေရာမှာ သေဆုံးရဲအလောင်းနဲ့ ဒဏ်ရာရရဲတွေကို တင်လာတဲ့ လူနာတင်ကားတစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ special forces-11 PDF အဖွဲ့ကတဆင့် သိရပါတယ်။
ဒီဇင်ဘာလ ၂၀ ရက်မနေ့ကညနေ ၄ နာရီ ၅၆ မိနစ်က မုံရွာ – ချောင်းဦးလမ်းပိုင်းအရောက်မှာ ကြိုတင်စောင့်ဆိုင်းပြီး ပဒေသာမိုင်း ၅ လုံးတွဲနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“မနေ့ကတော့ ကျနော်တို့က အဖွဲ့စည်းတခုထဲပေမယ့် ၂ နေရာခွဲပြီး အလုပ်လုပ်ခဲ့တာပေါ့။ မိုင်းတွေက အစောထဲက ခင်းထားတဲ့မိုင်းတွေ။ ကားပေါ်က သေဆုံးထိခိုက် နောက်ဆက်တွဲတော့ မကြားရသေးဘူး။ လူနာတင်ကားကတော့ မုံရွာဆေးရုံကြီးကို မောင်းသွားတယ်” လို့ အဖွဲ့တာဝန်ခံ ကိုP.K က ပြောပါတယ်။
အဆိုပါလူနာတင်ကားဟာ မနေ့က နေ့လည် ၃ နာရီဝန်းကျင်က မုံရွာမြို့ပေါ်မှာ ဈေးဝယ်ထွက်လာတဲ့ရဲ ၃ ဦးပစ်ခတ်ခံရချိန်တုန်းက သေဆုံးခဲ့တဲ့ရဲနဲ့ တခြားကျည်ထိမှန်ထားတဲ့ ရဲ ၂ ဦးကို လာရောက်ခေါ်ဆောင်ပြီး ဆေးရုံပို့ဖို့သွားနေတာဖြစ်တဲ့အတွက် မိုင်းဆွဲခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီတိုက်ခိုက်မှုဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနာတင်ယာဥ်ကို PDF တွေက မိုင်းဆွဲတိုက်ခိုက်နေတာဖြစ်တယ်လို့ ဝါဒဖြန့်ရေးသားထားတာတွေလည်း ရှိပါတယ်။