အင်းတော်နယ်က နေအိမ် ၄၀ ကျော်နဲ့ စပါးကျီ ၃၀ ကို စစ်ကောင်စီမီးရှို့ ဖျက်ဆီးသွား

0 14
0 14

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ စက်တောကုန်းကျေးရွာက နေအိမ် ၄၁ လုံးနဲ့ စပါးကျီ ၃၀ လုံးကို ဒီဇင်ဘာ ၂၀ ရက်မနက်ပိုင်းလောက်မှာ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

မီးရှို့ခဲ့တဲ့စစ်ကောင်စီတွေက တပ်မ (၈၈) လက်အောက်ခံ ခမရ(၃၀၁)နဲ့ ခလရ (၄၁၆)မှ စစ်ကောင်စီအင်အား ၁၄၀ ကျော်လောက်က ကျေးရွာထဲမှာ ညအိပ်ခဲ့ပြီးတော့ မီးရှို့သွားခဲ့တာဖြစ်တယ်လို့ Indaw Revolution-IR မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါ တယ်။

“စစ်**တွေက စစ်ကြောင်းနှစ်ခုပေါင်းထားတာ။ သူတို့က ၁၉ ရက်နေ့မှာ စက်တောကုန်းရွာကို ရောက်တယ်။ ညအိပ်ကြတယ်။ မနက်ရောက်တော့ ရွာကအထွက်မှာ အိမ်တွေကို မီးရှို့သွားခဲ့ကြတာပါ။ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ အကြောင်းမဲ့မီးရှို့ခဲ့တာ။ စပါးကျီတွေ၊ အိမ်တွေကတော့ ပြာပဲရလိုက်တော့တယ်” လို့ ဆိုပါတယ်။

အခုလို မီးရှို့ပြီးကျေးရွာကနေ ထွက်လာခဲ့တဲ့ စစ်ကြောင်း ၂ ခုကို လမ်းခုလတ်တနေရာအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

“စစ်တွေက ၁၄၀ ကျော်လောက်နဲ့ အင်အားအရမ်းများတော့ အထိအခိုက်အကျအဆုံးတော့ မသိရဘူးဗျ။ ကျနော်တို့ဖက်ကလည်း အထိအခိုက်လုံးဝမရှိခဲ့ဘူး။ ဒီနေ့မှာဆိုရင် စစ်တွေက နန်းမဟုတ်ကြီးရွာနဲ့ဖားပန်ရွာကို ဝင်နေတယ်ဗျ” လို့ဆိုပါတယ်။

ဒါ့အပြင် အဲဒီစစ်ကြောင်း ၂ခုက စက်တောကုန်းကျေးရွာကို မီးမရှို့ခင် ဒီဇင်ဘာ ၁၆ ရက်နေ့ကစလို့ ဂျုံးဂျုံးကျရွာသစ်၊ ဂျုံးဂျုံးကျရွာမ၊ ပန်းအင်းရွာ၊ မအူကုန်း၊ လယ်ပြင်စတဲ့ကျေးရွာ ၅ ရွာကို မီးရှို့ခဲ့တယ်လို့သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။