myaelatt athan

Sharing Information to the Local

ရေဦးနယ်ရှိ မီးရှို့ခံ ရွာ ၃ ရွာကဒေသခံတွေ အရေးပေါ် အကူညီလိုအပ်နေ

0
0

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က စစ်ကောင်စီတပ်တွေမီးရှို့ခဲ့တဲ့ ဇဝရှာ၊ နှောကုန်းရွာနဲ့ ကုန်းနန်းရွာက ဒေသခံတွေမှာ စားနပ်ရိက္ခာ၊နေထိုင်စရာနဲ့ အဝတ်အထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်မှာ နှောကုန်းရွာက နေအိမ် ၁၀ လုံး၊ ၁၈ ရက်မှာ ဇဝရှာရွာက နေအိမ် ၇၀ လုံးနဲ့ ၁၉ ရက်မှာ ကုန်းနန်းရွာက နေအိမ် ၁၉ လုံးတို့ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စုစုပေါင်းဒေသခံ ၄၀၀ ဝန်းကျင် အကူညီတွေလိုအပ်နေတာလည်းဖြစ်ပါတယ်။

“စစ်ကြောင်းက ၃ ကြောင်းဗျ။ စစ်ကြောင်းတကြောင်းစီက တရွာကျစီမီးဝင်ရှို့ခဲ့တာ။ အခုမီးရှို့ခံရတဲ့ရွာသုံး ရွာက ကျေးရွာအုပ်စုတခုတည်းပါ။ စစ်သားတွေက ရွာထဲဝင်လာပြီးတော့ ဘာမှမပြောမဆို အိမ်တွေကို မီးရှို့တော့တာပဲ”လို့ နှောကုန်းကျေးရွာသားတဦးက ပြောပါတယ်။

အခုစစ်ကြောင်းထိုးမီးရှို့ခဲ့တဲ့စစ်သားတွေဟာ မော်လိုက်အခြေစိုက် ခမရ ၃၆၄ နဲ့ မှော်ဘီအခြေစိုက် ခမရ ၇၀၁ တပ်ရင်းတွေက ဖြစ်ကြပြီး လက်ရှိမှာ ရေဦးအနောက်ဖက်ခြမ်းက ကျေးရွာတွေကို ဝင်ရောက်မီးရှို့နေကြတယ်လို့ သိရပါတယ်။

စစ်ကြောင်း ၃ ကြောင်းခွဲပြီး ရေဦးမြို့ နယ်အနောက်ဖက်ခြမ်းကို စစ်ကြောင်းထိုးလျှက်ရှိပြီး၊ မီးရှို့ခံကျေးရွာတွေကဒေသခံတွေအနေနဲ့လည်း ကျေးရွာထဲကိုပြန်ဝင်ကာ ဘုန်းကြီးကျောင်းတွေ၊ ဆေးခန်းအဟောင်းတွေနဲ့ စာသင်ကျောင်းတွေထဲမှာကပ်ပြီး နေထိုင်နေကြရတယ်လို့ နေအိမ်မီးရှို့ခံလိုက်ရတဲ့ နှောကုန်းကျေးရွာသားတဦးက ပြောပါတယ်။

“ဇဝရှာရွာမှာဆိုရင် အိမ်ခြေစုစုပေါင်းက ၁၀၀ လောက်ပဲရှိတာ။ အဲဒီထဲက ၇၀ လောက်ပြာကျသွားတယ်။ ကျနော်တို့ဆိုလည်း အခုစာသင်ကျောင်းမှာ ဖြစ်သလိုနေနေရတယ်။ အိမ်မှမရှိတော့တာ။ အိမ်က ပြာပုံပဲကျန်ခဲ့တယ်။ စားသောက်ရတာကလည်း မီးရှို့မခံရတဲ့ရွာကလူတွေ ပေးကမ်းလို့စားနေရတယ်။ အများကြီးတော့မဟုတ်ဘူး။ သူတို့တတ်နိုင်သလောက်လေးပေါ့။ ဒီလိုပဲစားနေရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် နေအိမ်တွေမီးရှို့ခံလိုက်ရတဲ့ ဒေသခံတွေရဲ့အခက်အခဲတွေကို တထောင့်တနေရာက ဖြေရှင်နိုင်ဖို့အတွက် ပြည်တွင်း၊ ပြည်ပကအလှူရှင်တွေအနေနဲ့လည်း တတ်နိုင်သလောက် လှူဒါန်းပေးစေချင်တယ်လို့လည်း ဆိုပါတယ်။

အခုဒီဇင်ဘာလ ပထမပတ်အတွင်းမှာ ရေဦးမြို့နယ်က ရှာမိဿာရှာ၊ မုတ်စီရွာ၊ ချမ်းသာရွာ၊ ကုန်းသာရွာ၊ ရွာသစ်ရွာ၊ ဆည်ကြီးရွာ၊ ပေါက်သာရွာ၊ ဇိန့်ဇွန်းရွာ၊ ပိဋိကက်ကျရွာ၊ ဇဝရှာ၊ ဝက်ဖိုးရွာ၊ ငှက်ပျောတောရွာ၊ တောင်ကုန်းရွာ၊ ချောင်းဆုံရွာ၊ သရက်ကန်ရွာ၊ မိုးဒေါင်ရွာ၊ ကွမ်းအုံရွာက နေအိမ်တွေကို စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့စာရင်းမှတ်တမ်းအရသိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။