myaelatt athan

Sharing Information to the Local

ရဲစခန်းကနေ ကွမ်းယာထွက်ဝယ်တဲ့ နယ်ထိန်းရဲ ပစ်သတ်ခံရ

0
0

အောင်လံ၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅။

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ သမ္ဘူလကျေးရွာထိပ်ရှိ ကွမ်းယာဆိုင်အနီးမှာ သမ္ဘူလတိုက်နယ်ရဲစခန်းမှ နယ်ထိန်းရဲဒုတပ်ကြပ် ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

သေဆုံးသူဟာ အသက် ၃၀ ကျော်အရွယ်ရှိ နယ်ထိန်းရဲဒုတပ်ကြပ် မျိုးကြီး ဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ ရက် မနက် ၈ နာရီခန့်မှာ အရပ်ဝတ်နဲ့ကွမ်းယာဆိုင်မှာကွမ်းဝယ်နေစဉ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“မနက်ဆို သူက တကြိမ်နှစ်ကြိမ်လောက် အပြင်ပုံမှန်ထွက်လေ့ရှိတယ်။ အဲ့ဆိုင်ကလည်း သူထိုင်နေကျ ဆိုင်ဆိုတာ ကျနော်တို့သိထားတယ်။ မနက်စောဆို သွားလာတာရှိတယ်။ ကွမ်းထုတ်တယ်ပေါ့။ မကြာပါဘူး။ အဲ့မှာ လေးငါးမိနစ်နေ ပြန်ပေါ့။ အရပ်ဝတ်နဲ့ရှိနေချိန် ကျည် ၆ တောင့်ပစ်ခဲ့တာ”လို့ အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံကပြောပါတယ်။

ပစ်ခတ်ခံရလို့ ရဲဒုတပ်ကြပ် မျိုးကြီးမှာ ဦးခေါင်းနဲ့နောက်ကျောတွေမှာ ကျည်ထိဒဏ်ရာနဲ့ နေရာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်ခံရတဲ့နေရာနဲ့ရဲစခန်းဟာ ကိုက် ၅၀၀ ခန့်ကွာဝေးပြီး ပစ်ခတ်ခံရပြီးနောက် ရဲတွေက အလောင်းကိုလာကောက်သွားတယ်လို့ အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံက ပြောပါတယ်။

အဲ့ဒီနောက် ရဲတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာအဝင်အထွက်လမ်းတွေပိတ်ပြီး ရှာဖွေမှုတွေပြုလုပ်ခဲ့သလို အောင်လံအခြေစိုက် ခလရ ၇၁၊ ကပစ ၁၅ က စစ်ကောင်စီအင်အား ၇၀ ခန့်ကလည်း သမ္ဘူလရဲစခန်းကို အင်အားဖြည့်ပြီးရောက်လာတယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုကိုတော့ သရက်ခရိုင်တပ်ရင်း ၁၊ နေပြည်တော်တပ်ရင်း ၉၀၂၊ နေပြည်တော်တပ်ရင်း ၈၀၄၊ အောင်လံမြို့နယ်ပကဖအဖွဲ့ဝင်တွေက ပူးပေါင်းပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၄ ရက်ကလည်း အောင်လံမြို၊ ရွာထောင်ရပ်ကွက်၊ အေးချမ်းဖြိုး (၁၉) လမ်းမှာနေထိုင်နေတဲ့ တလုပ်ပင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တပည့်ဖြစ်သူတို့ နေအိမ်ရှေ့ရှိနေစဉ် ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူသေဆုံးကာ တပည့်ဖြစ်သူဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။