myaelatt athan

Sharing Information to the Local

ကန့်ဘလူမှာ ကျေးရွာပကဖ ဒုတာဝန်ခံအပါ ၄ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

0
0

ကန့်ဘလူ၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းကျေးရွာနဲ့ ကျေးပင်အက်ကျေးရွာသွားလမ်းပိုင်းမှာ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံအပါအဝင် ၄ ဦးကို စစ်ကောင်စီအဖွဲ့ဝင်တွေက ဖမ်းဆီးပစ်သတ်ခဲ့တယ်လို့ ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့လယ် ၁၂ နာရီကျော်မှာ ငှက်ပျောတိုင်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅ ဦးခန့်ဟာ ငှက်ပျောတိုင်း-ကျေးပင်အက်လမ်းပိုင်းမှာ ကင်းလှည့်နေချိန် ရွှေကပ်ကျော်ဘုရားအနီးမှာ ငှက်ပျောတိုင်းရွာပကဖဒုတာဝန်ခံနဲ့ အမျိုးသား ၆ ဦးကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“ဘုရားနားလေးမှာ တဲတိုက်လေးတွေရှိတယ်။ အဲ့နားလေးက ပြည်သူတွေမိတဲ့အခါကျတော့ အဲနားလေးမှာ ဆေဗ့်မဖြစ်တဲ့သူတွေကို သတ်တာ။ ဘုရားနား တဲတန်းလေးတွေနားမှာ ဖြစ်တာ။ သေဆုံးက ၄ ယောက်။ အဖမ်းခံထားရသူတွေလည်း ပြန်လွတ်တယ်ကြားတယ်။”လို့ ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သေဆုံးသူတွေနဲ့အတူ အဖမ်းခံလိုက်ရတဲ့ အမျိုးသား ၃ ဦးနဲ့ပတ်သက်တဲ့အခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးပေးဘဲ ပြန်လွှတ်လိုက်တဲ့သတင်းတွေတော့ထွက်နေတယ်လို့ ဆိုပါတယ်။

အသတ်ခံရသူတွေဟာ ငှက်ပျောတိုင်းကျေးရွာပကဖ ဒုတာဝန်ခံ အသက် ၂၇ နှစ်အရွယ်ရှိ ရဲထွန်း၊ တော်လှန်ရေးအဖွဲ့နဲ့ဆက်စပ်မှုရှိသူ အသက် ၄၅ နှစ်ခန့်ရှိ ကိုဝင်းဇော်၊ ငှက်ပျောတိုင်ရွာသား အသက် ၁၆ နှစ်အရွယ် ဉာဏ်လင်းအောင်၊ နောက်ထပ်အသက် ၃၀ အရွယ်အမျိုးသား ၁ ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

“ရဲထွန်းက လူစိမ်းတွေမြင်လို့ဆိုပြီး လိုက်တာ။ သူတို့(စကစ)အဖွဲ့ဝင်တွေကလည်း အရပ်ဝတ် အရပ်စားနဲ့လာကြတာကိုး။ ဘေးမှာ ကင်းပုန်းဝပ်နေတဲ့ကောင်တွေလည်း ရှိသေးတာကိုး။ သူက ဆိုင်ကယ်နဲ့လိုက်ရင်း အနောက်ကို ပြန်အလှည့်မှာ ပိတ်ဖမ်းခံလိုက်ရတာ”လို့ သူကဆက်ပြောပါတယ်။

အဆိုပါ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁၉ ရက်ကတည်းက ပေကြီးရွာဘက်ကနေ ငှက်ပျောတိုင်းကျေးရွာဘက်ကိုရောက်ရှိလာပြီး တပ်စွဲနေထိုင်နေတဲ့ အင်အား ၂၀၀ ခန့်ထဲက အဖွဲ့ဝင်အချို့ဖြစ်ကာ ပစ်ခတ်ပြီးနောက် ငှက်ပျောတိုင်းကျေးရွာဘက်ကို ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။

အလောင်းတွေကိုတော့ ဒေသခံတွေကကောက်ယူပြီး နေ့ချင်းနာရေးပြုလုပ်လိုက်တယ်လို့ ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နဲ့ ၂၁ ရက်ကလည်း အဲ့ဒီစစ်ကောင်စီအဖွဲ့တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ၂ ဦးထိခိုက်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ၄ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရထားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။