myaelatt athan

Sharing Information to the Local

အင်ဥထွက်ကောက်တဲ့ အမျိုးသား မိုင်းထိလို့ခြေထောက်ပြတ်

ထန်းတပင်၊ ဇွန် ၆၊ ၂၀၂၅။

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ရွှေအင်းမကျေးရွာမှာ အင်ဥထွက်ကောက်တဲ့အမျိုးသားတဦး မိုင်းထိပြီး ခြေထောက်ပြတ်သွားတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

မိုင်းထိသူဟာ အသက် ၃၂ နှစ်အရွယ် ကိုထွန်းလင်းအောင်ဆိုသူဖြစ်ပြီး ဇွန် ၅ ရက်မနက် ၁၁ နာရီခန့်မှာ နေအိမ်အနီးတောစပ်မှာ အင်ဥသွားကောက်ရင်း မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။

“သူတို့မိသားစုက မြို့ပေါ်လည်းတက်မလာနိုင်ဘူး။ စားဝတ်နေရေး သွားရေးလာရေးအခက်အခဲပေါင်းစုံနဲ့ စားဖို့သောက်ဖို့ မနည်းရုန်းကန်နေရတာ။ ရွာထဲမှာဘဲ ကြုံရာကျပန်းလုပ်၊ အင်ဥကောက်မျှစ်ချိုး ဟင်းရွက်ခူးလုပ်တာ။ ဖြစ်တဲ့နေ့ကလည်း အိမ်နဲ့မနီးမဝေးမှာ အင်ဥကောက်တဲ့အချိန်မှာ မိုင်းမှန်သွားတာ”လို့ ကူညီဆောင်ရွက်ပေးနေသူတဦးကပြောပါတယ်။

မိုင်းထိလို့ အဆိုပါ အမျိုးသားမှာ ဘယ်ဘက်ခြေကျင်းဝတ်အောက်ပိုင်းက ပြတ်ထွက်သွားပြီး ညာဘက်ခြေထောက်နဲ့ ခန္ဓာကိုယ်တွေမှာ မိုင်းစမှန်ဒဏ်ရာတွေရထားတယ်လို့ ဆိုပါတယ်။

သူဟာ အလုပ်အကိုင်အဆင်မပြေတာကြောင့် ကျေးရွာမှာ ကြုံရာကျပန်းလုပ်ကိုင်ပြီး သားသမီး ၃ ဦးနဲ့ အမျိုးသမီးဖြစ်သူတို့ကို ရှာဖွေလုပ်ကိုင်ကျွေးမွေးနေသူဖြစ်လို့ ယခုလိုမိုင်းထိသွားတာကြောင့် မိသားစုစားဝတ်နေရေးလည်း ပိုပြီးကျပ်တည်းသွားတယ်လို့ သိရပါတယ်။

အခုမိုင်းထိတဲ့ဒေသဟာ နယ်မြေမငြိမ်သက်တဲ့ဒေသတခုဖြစ်ပြီး ယခင်တိုက်ပွဲတွေလည်းဖြစ်ဘူးတယ်လို့ ဆိုပါတယ်။

“နယ်မြေမငြိမ်သက် မအေးချမ်းတဲ့အထဲမှာပါတယ်။ ဘယ်ကစိုးမိုးထားတယ်ဆိုတာတော့ ကျနော်တို့ မသိရဘူး။ တိုက်ပွဲတွေဖြစ်ထားခဲ့တဲ့ဒေသ။ အခုတော့ဖြစ်မဖြစ်မသိရဘူး။ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ မသိရဘူး။ သူက နင်းမိတဲ့ မိုင်းဆိုတော့မြေမြှုပ်မိုင်းဖြစ်ဖို့များတယ်”လို့ အထက်ပါ ကူညီပေးနေသူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ မိုင်းထိထားသူကို တောင်ငူဆေးရုံမှာဆေးကုသနေရပြီး ဆေးကုသဖို့ ငွေကြေးအကူအညီ လိုအပ်နေသလို စောင်၊ ခြင်ထောင်တွေကအစမပါလာတဲ့အတွက် မြို့ခံပရဟိတအဖွဲ့တွေက ကူညီထားရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂ ရက်ကလည်း ရေတာရှည်မြို့နယ်၊ ကျွန်းတောကုန်းကျေးရွာမှာ မိဘတွေအတွက် အပိုဝင်ငွေရအောင် ပဲကောက်ထွက်တဲ့ G 3 ကျောင်းသား ၁၂ အရွယ်ကလေးငယ် မိုင်းထိလို့ ခြေထောက်နှစ်ချောင်းပြတ်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။