myaelatt athan

Sharing Information to the Local

နွားထိုးကြီးမှာ ပေါင် ၅၀၀ ဗုံးကြဲခံရလို့ ပြည်သူ ၄ ဦးဒဏ်ရာရပြီး နေအိမ် ၁၈ လုံး ပျက်စီး

0
0

နွားထိုးကြီး၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မန်လည်ကျေးရွာကို ပေါင် ၅၀၀ ဗုံးချခံရလို့ ပြည်သူ ၄ ဦးဒဏ်ရာရပြီး နေအိမ် ၁၈ လုံးပျက်စီးသွားတယ်လို့ ရွာခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက် မနက် ၂ နာရီဝန်းကျင်ခန့်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၁ စီးနဲ့ မန်လည်ကျေးရွာထဲကို ပေါင် ၅၀၀ ဗုံး ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဗုံးက ၁ လုံးတည်း။ ကျနော်တို့သိရတာက ပေါင် ၅၀၀ လို့သိရတယ်။ ရွာလယ်ကောင်မှာ နတ်စင်ရှိတယ်။ နတ်စင်ရဲ့အရှေ့မြောက်ဘက် အိမ်တွေနားကိုကျတာ။”လို့ ရွာခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ မန်လည်ကျေးရွာအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေတာမရှိသလို ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေ နေထိုင်တာမျိုးလည်းမရှိဘူးလို့ ဆိုပါတယ်။

ဗုံးကျပေါက်ကွဲလို့ နေအိမ်တွေထဲအိပ်နေတဲ့ အသက် ၅၇ နှစ်အရွယ် ဒေါ်ဌေးရီ၊ ၄၃ နှစ်အရွယ် မနှင်း၊ ၅၇ နှစ်အရွယ် ဦးနီထွန်း၊ ၄၇ နှစ်အရွယ် မအေးတို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လုံးဝပြိုကျပျက်စီးခဲ့တဲ့ နေအိမ်၇ လုံးရှိခဲ့သလို အမိုးလန်ပျက်စီးတာနဲ့ တစိတ်တပိုင်းပျက်စီး ၁၁ လုံး စုစုပေါင်း ၁၈ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မန်လည်ကျေးရွာက အိမ်ခြေ ၈၀၀ ခန့် လူဦးရေ ၃,၀၀၀ ကျော်ခန့်ရှိပြီး လေကြောင်းကနေ ဗုံးကြဲခံရလို့ ကျေးရွာအနောက်ပိုင်းနဲ့မြောက်ပိုင်းက လူဦးရေ ၁,၀၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းမှာတော့ အချို့တဝက် နေအိမ်ပြန်နေကြပြီလို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က မန်လည်ကျေးရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီး နေအိမ် ၁ လုံးပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – ဈာန်မြင့်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။