myaelatt athan

Sharing Information to the Local

နှစ် ၄၀၀ကျော်သက်တမ်းရှိ ရှေးဟောင်းကက်သလစ်ဘုရားကျောင်းဖျက်ဆီးခံရပြီး ရွာလုံးကျွတ်မီးရှို့ခံရ

0
0

စစ်ကိုင်း၊ ဒီဇင်ဘာ ၁၅၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာရွာမှာရှိတဲ့ ဘုရင်ဂျီဘုရားကျောင်းနဲ့ ခရစ်ယာန်သီလှရှင်ကျောင်းကိုဖျက်စီးကာ ရွာကိုလည်း ရွာလုံးကျွတ် မီးရှို့သွားပြီး ပြည်သူတဦးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက တဆင့် သိရပါတယ်။

ဒီဇင်ဘာ ၁၄ရက် မနေ့က ညနေ ၄နာရီဝန်းကျင်က တတိယအကြိမ်မြောက် မီးရှို့ခံရတာဖြစ်ပြီး အိမ်ခြေ ၅၀၀ကျော်ရှိတဲ့ရွာကြီးက ၁၀အိမ်လောက်ပဲကျန်တော့ကာ အိမ်ကြီးအိမ်ကောင်းမှန်သမျှရွေးရှို့ခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“အကိုတို့အိမ်ဆို ၂ကြိမ်မြောက်ရှို့ခံရတာပေါ့၊ ဒုတိယအကြိမ်တလုံးပါတယ်၊ ခုတတိယအကြိမ် ထပ်ဆောက်ထားတဲ့အိမ်တလုံးပါသွားတယ်၊ အိမ်တောင်မှအပြီးမဆောက်ရသေးဘူး၊ ကျောင်းကြီးကတော့ မီးလောင်တဲ့ထဲမပါပေမယ့် အပျက်စီးများတယ်၊ ဘုရားရှိခိုးကျောင်းဆောင်ကြီးထဲမှာလည်း သောက်စားပြီး‌တော့ ဖျက်ဆီးသွားတာတွေရှိတယ်၊ မယ်သီလှကျောင်းထဲမှာလည်း ဖျက်ဆီးထားတာတွေရှိတယ်၊ အိမ်ဆိုလည်း လေး၊ငါး၊ဆယ်လုံးလောက်ပဲကျန်တော့တယ်”လို့ ချမ်းသာရွာသားတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ၁၄ရက် တရက်တည်း ကုန်းသာ၊ ချမ်းသာ၊ ရွာသစ်ရွာတွေကို ရွာလုံးကျွတ်မီးရှို့ရုံသာမက ချမ်းသာရွာရဲ့ ဗုဒ္ဓဘာသာပိုင်းဖြစ်တဲ့ အိုးသယ်ခွက်အပိုင်းက ဗုဒ္ဓဘာသာဝင်အမျိုးသားတဦးကိုလည်း ခေါင်းဖြတ်သတ်သွားတယ်လို့ ဆိုပါတယ်။

ချမ်းသာရွာဟာ မေလ ၇ရက်က ပထမဆုံးအကြိမ်မီးရှို့ခံခဲ့ရပြီး အိမ် ၂၄လုံး ပျက်စီးခဲ့ကာ၊ ဇွန်လ ၇ရက်က ဒုတိယအကြိမ်အဖြစ် ၁၁၁လုံး မီးလောင်ခဲ့ပြီး၊ ခုတတိယအကြိမ်မှာတော့ ရွာလုံးကျွတ်ပါသွားတာဖြစ်တယ်လို့ သူကပြောပါတယ်။

ချမ်းသာရွာဟာ ပေါ်တူဂီနွယ်ဖွား ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေယှဉ်တွဲနေထိုင်တဲ့ရွာကြီးဖြစ်ကာ ရွာလူဦးရေရဲ့ သုံးပုံတပုံခန့်ကသာ ဗုဒ္ဓဘာသာဝင်တွေဖြစ်တယ်လို့ ဆိုပါတယ်။

အခုလက်ရှိ စစ်ကောင်စီအဖွဲ့တွေ ရွာထဲက ထွက်သွားကြပေမယ့် လေကြောင်းသတင်းလည်းကြားနေရလို့ ပြည်သူတွေကတော့ ဆက်လက်ရှောင်တိမ်းနေဆဲဖြစ်ကာ အဆိုပါစစ်ကြောင်းက ဒီပဲယင်းက ရွာ ၁၉ရွာကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ချမ်းသာရွာကို စစ်ကောင်စီက တတိယအကြိမ်ဝင်မရှို့ခင် ပြီးခဲ့တဲ့အခေါက်တွေမှာ အဲ့ဒီရွာက ပေါ်တူဂီမျိုးနွယ်ဝင်တွေကို ရွာထဲကအပြီးတိုင်ထွက်သွားဖို့နဲ့ ထွက်မသွားရင်လူမျိုးသုန်းသတ်ပစ်မယ်ဆိုပြီး ရွာထဲက အိမ်နံရံအချို့မှာ စာရေးသားပြီးခြိမ်းခြောက်ခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။